Skip to main content

တုနှိုင်းမမီ သင်းပျံ့ထုံမွမ်း စာပေဂုဏ်ကျေးဇူး

ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသော လူမျိုးတိုင်းသည် မိမိတို့၏ ဂန္ထဝင်မြောက်စာပေယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားကြသည်။ စာပေနှင့်ယဉ်ကျေးမှု ခိုင်မြဲစွာရှိကြသည့် တိုင်းပြည်နှင့် လူမျိုးတို့၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဇာတိမာန်တို့သည် မီးတောက်မီးလျှံသဖွယ် အစဉ်ထွန်းလင်းတောက်ပနေမည်ဖြစ်သည်။ မိမိနိုင်ငံနှင့်လူမျိုးကိုထိလျှင် မချည့်အောင်နာတတ်သည့်စိတ်ဓာတ်သည် စာပေယဉ်ကျေးမှုကိုအကြောင်းခံ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် စာပေယဉ်ကျေးမှုနှင့်ပတ်သက်၍ ရှေးနှစ်ပေါင်းထောင်ချီပြီး စောစီးစွာကတည်းကပင် ထွန်းကားတည်တံ့နေသည့် ဂုဏ်ယူဖွယ်ရာနိုင်ငံဖြစ်သလို ထိုစာပေယဉ်ကျေးမှုတို့မှရသည့် အကျိုးကျေးဇူးများကြောင့်ပင် ယနေ့ထက်တိုင် ခိုင်ခံ့တင့်တယ်စွာ ရပ်တည်နေထိုင်နိုင်ခြင်းဖြစ်သည်။ နှစ်ပေါင်းရှည်ကြာခဲ့ပြီဖြစ်သည့် စာပေယဉ်ကျေးမှုတို့သည် မြန်မာလူမျိုးတို့၏ အသက်ဝိညာဉ်ပမာဖြစ်သည်။ ရှေးအတိတ်ကာလက မြန်မာပညာရှိများရေးဖွဲ့ခဲ့ကြသည့် စာပေတို့သည် တိုင်းပြည်နှင့်လူမျိုးကို အကျိုးပြုခဲ့သလို ယနေ့ထက်တိုင်လည်း မရိုးနိုင်၊ မပစ်ပယ်နိုင်ဘဲ အကျိုးပြုနေဆဲဖြစ်သည်။

အတိတ်ကာလက မြန်မာပညာရှိများရေးသားဖွဲ့ဆို ပြုစုရစ်ခဲ့သော စာပေတို့တွင်ရှေးမြန်မာလူမျိုးတို့၏ ဘဝနေထိုင်စားသောက်မှု၊ အယူအဆ၊ ဓလေ့ထုံးစံ၊ ကိုယ်ကျင့်တရား၊ အတွေးအခေါ်၊ အမြော်အမြင်၊ အဆုံးအမ၊ ဘာသာတရား၊ ရာသီဥတု၊ ပတ်ဝန်းကျင်၊ သမိုင်းရာဇဝင်ဇာတ်ကြောင်း စသည်တို့စုံလင်အောင်ပါဝင်သည်။ ဤအချက်အလက်များသည်ပင် မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအဆင့်အတန်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် စွမ်းဆောင်ရည်များကို ထင်ဟပ်ဖော်ပြနေသည်။ ဤအချက်အလက်များသည် ယဉ်ကျေးမှုစာပေရတနာများဖြစ်သလို တုနှိုင်းမမီသင်းပျံ့နေဆဲဖြစ်သည့် စာပေဂုဏ်ဒြပ်များဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ စာပေယဉ်ကျေးမှုသည် နောက်တွေ့ပျူယဉ်ကျေးမှု ပေစာ၊ ကျောက်စာအထောက်အထားများအရ ရှေးဦးကတည်းက ထွန်းကားခဲ့သည်။ ခိုင်မာသည့် သက်သေအထောက်အထားများအရ စေတီ၊ ဂူ၊ ကျောင်း စသည့်ထာဝရ ကုသိုလ်တို့တည်ဆောက်ပြီး ကျောက်စာကမ္ပည်းရေးထိုးလှူဒါန်းသည့် မြန်မာသက္ကရာဇ် ၃၇၉ ခုနှစ် ပုဂံခေတ်အနော်ရထာမင်းမှ အစပြုဆိုနိုင်သည်။ ထို့နောက် သက္ကရာဇ် ၅၃၆ ခုနှစ်တွင် ဓမ္မဝိလာသဓမ္မသတ်ကျမ်းကို ပြုစုသည့် ရှင်ဓမ္မဝိလာသ၊ သက္ကရာဇ် ၅၃၃ ခုနှစ်တွင် အမျက်ပြေလင်္ကာဖြင့်ထင်ရှားသော အနန္တသူရိယ၊ သက္ကရာဇ် ၇၀၄ ခုနှစ်တွင် ကဗျာသီချင်းများ သီကုံးရာ၌ ထင်ရှားသည့် ငါးစီးရှင်ကျော်စွာ၊ သက္ကရာဇ် ၇၁၄ ခုနှစ်တွင် မာဂဓအဘိဓာန် ဋီကာကျမ်းကို စီရင်တော်မူသောအမတ်ကြီး စတုရင်္ဂဗလ၊ ၇၂၉ ခုနှစ်တွင် ကျောက်စာကမ္ပည်းရေးထိုးလှူဒါန်းသော မင်းကြီးစွာစော်ကဲ၊ ၇၆၃ ခုနှစ်တွင် ကျေးစေရတုကိုရေးသားသည့် အင်းဝမင်းခေါင်၊ ၈၁၇ ခုနှစ်တွင် ရှေးအကျဆုံးဧချင်းများရေးသားသူ အမတ်ကြီး အဒူမင်းညို၊ ၈၁၅ နှင့် ၈၃၀ ပြည့်နှစ်တွင် ပျို့အလင်္ကာမော်ကွန်းတို့၌ ထင်ရှားသည့် ရှင်မဟာသီလဝံသနှင့် ရှင်မဟာရဋ္ဌသာရတို့သည် ထင်ရှားကျော်ကြားသော ရဟန်းစာဆို၊ လူစာဆိုများဖြစ်သည်။

မြန်မာတို့၏စာပေသမိုင်းတွင် ယနေ့ထက်တိုင် အမြတ်တနိုးတန်ဖိုးထား၍ လေ့လာဖတ်ရှုအတုယူစံထားရသည့် စာပေပညာရှင်များ အမြောက်အမြားပေါ်ထွန်းခဲ့ပြီး မြန်မာစာပေသည် ထေရဝါဒဗုဒ္ဓသာသနာဆိုင်ရာ စာပေကျမ်းဂန်များနှင့် ယှဉ်တွဲပေါင်းစပ်ဖြစ်ပေါ်လာခဲ့သည်။ ရှေးစာပေပညာရှင် စာဆိုတော်ကြီးများတွင် ရဟန်းပညာရှိ၊ လူပညာရှိ၊ မင်း၊ မင်းမှုထမ်း၊ နန်းတွင်းသူ နန်းတွင်းသားတို့ အများဆုံးပါဝင်ကြသည်။ ယင်းစာပေပညာရှင်များအနက် အင်းဝခေတ်တွင် ပေါ်ထွန်းခဲ့သည့် ရှင်မဟာရဋ္ဌသာရသည် ထင်ရှားကျော်ကြားသော စာဆိုတစ်ပါးဖြစ်သည်။ ရှင်မဟာရဋ္ဌသာရစပ်ဆိုခဲ့သော စာအလင်္ကာများသည် အဆိုအမိန့်ယဉ်ကျေးဖွယ်ရာ အလင်္ကာဂုဏ်နှင့်ပြည့်စုံသည်ဖြစ်၍ ပညာရှိတို့နှင့်လူအများနှစ်သက်ပြီး စံနမူနာပြုရသောစာများဖြစ်သည်။ ရှင်မဟာရဋ္ဌသာရ၏ စာပေအလင်္ကာရတုမော်ကွန်းဆုံးမစာများသည် ယနေ့ထက်တိုင် ကျန်ရှိနေဆဲဖြစ်ပြီး မြန်မာစာပေကဏ္ဍတွင် နိုင်ငံနှင့်ပြည်သူကို အကျိုးပြုနေဆဲဖြစ်သည်။

သို့ဖြစ်ရာ စာဆိုတော်ရှင်မဟာရဋ္ဌသာရ သမိုင်းကြောင်းကို အခြေခံ၍ နှစ်ပေါင်း ၅၅၅ နှစ်အထိမ်းအမှတ် ဆရာတော်ကြီး၏ ဘဝတစ်ဆစ်ချိုးကောက်ကြောင်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက သဘင်တင်ဆက်မှု အသွင်သဏ္ဌာန်ဖြင့် ဂါရဝထားဂုဏ်ပြုတင်ဆက်မှုကို ကြိုဆိုလိုက်ရပါကြောင်းနှင့် ဆရာတော်ကြီး၏ တည်ကြည်ခိုင်မြဲသော စာပေဂုဏ်ကျေးဇူးသည် မြန်မာစာပေသမိုင်းတွင် တုနှိုင်းမမီဘဲ အလင်္ကာပန်းရနံ့ပမာ ယနေ့ထက်တိုင်  သင်းပျံ့နေဆဲ၊ အကျိုးပြုနေဆဲဖြစ်ပါကြောင်း။         ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)