Skip to main content

ဖိလစ်ပိုင်နိုင်ငံသို့ DHL (အမြန်ချောပို့) ဖြင့် ပို့ဆောင်မည့် ငွေကျပ် ၇၆၅ သိန်းကျော် တန်ဖိုးရှိ အိုက်စ် (မက်အက်ဖက်တမင်း) များနှင့် ပါဝင်ပတ်သက်သော နိုင်ဂျီးရီးယားနိုင်ငံသားများအား ဖမ်းဆီးရမိ

ရန်ကုန် ဩဂုတ် ၂၃

ဖိလစ်ပိုင်နိုင်ငံသို့ DHL (အမြန် ချောပို့) ဖြင့် ပို့ဆောင်မည့် ငွေကျပ် ၇၆၅ သိန်းကျော် တန်ဖိုးရှိ အိုက်စ် (မက်အက်ဖက်တမင်း) များနှင့် ပါဝင်ပတ်သက်သော နိုင်ဂျီးရီးယား နိုင်ငံသားများအား ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ် (၁၃) ရပ်ကွက် အင်းစိန်လမ်းမကြီး ပေါ်ရှိ DHL ရုံးသို့ ဩဂုတ် ၁၉ ရက် မွန်းလွဲပိုင်းက ပါဆယ်ပစ္စည်း လာရောက်ပို့ဆောင်မှု၌ မသင်္ကာ ဖွယ်ရာ ပါဆယ်ထုပ်တွေ့ရှိကြောင်း သတင်းပို့ချက်အရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပါဆယ်ထုပ် လာရောက်ပို့ဆောင်သူ မမြင့်မြင့်ငြိမ်း (ခ) မိုးမိုး (၃၈) နှစ်၊ ဒေါ်မြင့်မြင့်ငြိမ်း (၅၆) နှစ်နှင့် သိန်းထွန်း (၃၄) နှစ် တို့ သုံးဦးအားတွေ့ရှိပြီး ပါဆယ်ထုပ်တွင် ပေးပို့ သူလိပ်စာ၌ Ma Cho Zin Htoo, No 6, Shwe Hnin Street, Sher Mya Yar Industrial Zone, Hmawbi Tsp, Yangon, Myanmar နှင့် လက်ခံသူလိပ်စာ၌ TONABEL P-SAN, REDRO 036 PUROK 2 LOURDE S LUBAO PAMPANFA-2005-LUBAO.PM PAMPANGA-PHILIPPNES ဟုဖော်ပြပါရှိကြောင်း။

ပါဆယ်ထုပ်အား စစ်ဆေးရာ ကလေးစီးသည့်ကားနှင့် ၎င်းကားဘီး ၄ ဘီးအတွင်းမှ အိုက်စ် (မက်အက် ဖက်တမင်း) သုည ဒသမ ၉၅၇ ကီလို (တန်ဖိုးငွေကျပ် ၇၆၅ ဒသမ ၅ သိန်း) ကို သိမ်းဆည်းရမိခဲ့၍ ကွင်းဆက်ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ နိုင်ဂျီးရီးယား နိုင်ငံသား Mr. Obumkaemere Kelechi Thankgod (၃၂ နှစ်) အား ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရွှေနှင်းဆီအိမ်ရာ အမှတ် (၆၁) ရပ်ကွက် တိုက်(B-3) အခန်း (၁၅၀၇) တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းအား စစ်ဆေးရာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် မြန်မာနိုင်ငံမှ နိုင်ဂျီးရီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသူ Mr. Agu Chukwunonso Peter က ဖိလစ်ပိုင်နိုင်ငံရှိ ၎င်း၏ဇနီးဖြစ်သူထံ အဆိုပါ ပါဆယ်ထုပ်ကို ပေးပို့ခိုင်းခြင်းဖြစ်ကြောင်း စစ်ဆေး‌ပေါ်ပေါက်သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိကြောင်း။

Mr. Obumkaemere Kelechi Thankgod ငှားရမ်းနေထိုင်သည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ နေအိမ်ကို ဝင်ရောက်စစ်ဆေးစဉ် ၎င်းနှင့်အတူ နိုင်ဂျီးရီးယားနိုင်ငံသား Mr.Duru Tochukwu Christian ၂၂ နှစ်၊ Mr. Iziga Innocent Chi-nonso (၂၄ နှစ်) နှင့် Mr.Obiefuna Benjamin Tochukwu (၃၁ နှစ်) တို့ကိုလည်း တွေ့ရှိစစ်ဆေးရာ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ကြောင်း ပေါ်ပေါက်သဖြင့် ၎င်းတို့ကိုလည်း မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ဆက်လက် အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းစဉ်