Skip to main content

ဒစ်ဂျစ်တယ်စနစ်ဖြင့်နိုင်ငံအကျိုးပြုဆောင်ရွက်

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ တိုးတက်ထွန်းကားသော ကာလတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားသည် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြု၍ နိုင်ငံခေတ်မီတိုးတက်ရေး အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်ကြပြီး မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများက ဒစ်ဂျစ်တယ်နည်းပညာသို့ တက်လှမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ ဘဏ်လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုလျက်ရှိပြီး အခြားအများပြည်သူဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း ဒစ်ဂျစ်တယ်နည်းပညာကို စတင်အသုံးပြုနေသည်။ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်စနစ်ကို ကူးပြောင်းနိုင်ရန်အတွက် e-Government စနစ်ကို ထူထောင်လာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ရှိပြီဖြစ်သည်။ e-Government စနစ်ကို ထူထောင်နိုင်ရန်အတွက် National Database စနစ်ကို ခိုင်မာစွာတည်ဆောက်ထားရန် လိုအပ်သဖြင့် ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်နေ့တွင် National Database စနစ် တည်ဆောက် ရေးဦးဆောင်ကော်မတီကို ဖွဲ့စည်းထားသည်။

ဒစ်ဂျစ်တယ်နည်းပညာတွင် e-IDစနစ်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့်စနစ်တစ်ခုဖြစ်ပြီး အီလက်ထရွန်နစ်နည်းပညာသုံး e-ID စနစ် ဟုခေါ်သည်။ ထိုစနစ်တွင် နိုင်ငံအတွင်း တရားဝင်မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံး၏ ကိုယ်ရေးအချက်အလက်များကို ခေတ်မီနည်းပညာ ကွန်ပျူတာစနစ်ကို အသုံးပြုပြီး အစိုးရ၏ Database ထဲတွင် သိမ်းဆည်းထားသည်။ အခြေခံအားဖြင့် နိုင်ငံသားများကို ကာကွယ်နိုင်ရန်နှင့်အုပ်ချုပ်နိုင်ရန်၊ စီးပွားရေးလုပ်ငန်းများအပေါ် လိမ်လည်ရောင်းဝယ်မှု၊ ထိန်းချုပ်မှုတို့ကို အကာအကွယ်ပေးနိုင်ရန်၊ ရွှေ့ပြောင်းနိုင် သည့်ယာဉ်များကို ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများအား ယာဉ်အန္တရာယ်မှ အကာအကွယ်ပေးနိုင်ရန်၊ အိုးအိမ်တိုက်တာကဲ့သို့ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းများကို ထိန်းချုပ်ရန်နှင့် ရောင်းမှားဝယ်မှားဖြစ်မှုများကို ကာကွယ်နိုင်ရန်အတွက်ဖြစ်သည်။

မြန်မာနိုင်ငံတွင် e-ID စနစ်ကို အကောင်အထည်ဖော်နိုင်ခြင်းအားဖြင့် နိုင်ငံတော်အတွက် လိုအပ်သောအချက်အလက်များကို တစ်နေရာတည်းရရှိနိုင်ခြင်း၊ e-Government စနစ်ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုခြင်း၊ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း၊ လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို အထောက်အကူပြုခြင်း၊ စာရွက်စာတမ်းအသုံးပြုသည့်စနစ်များကို လျှော့ချနိုင်ခြင်း၊ National ID ၏ အခြေခံလုပ်ငန်းစဉ်ဖြစ်ပြီး နိုင်ငံတကာသုံးစနစ်များနှင့် လွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်ကို ကူးပြောင်းရာတွင် အခြေခံအုတ်မြစ်ဖြစ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ အခွန်စည်းကြပ်ရေးနှင့် အခြားသောဌာနဆိုင်ရာများမှ ဆောင်ရွက်နေသောလုပ်ငန်းများကို လွယ်ကူစွာဝန်ဆောင်မှုပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရှိသည်။

e-ID စနစ်အတွက် လူတစ်ဦးချင်းစီမှ ထင်ရှားသည့် ကိုယ်ရေးအချက်အလက်များကို နိုင်ငံအတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်ရရှိထား သူများနှင့် ပြည်တွင်းနေ အခွန်ဆောင် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်ထားသူများ၏ အချက်အလက်များကိုရယူပြီး လူတစ်ဦးချင်းစီကို ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်များ သီးခြားထုတ်ပေးကာ ယင်းကို မဏ္ဍိုင်ပြု၍ ဝန်ကြီးဌာနအသီးသီးအလိုက်ရှိနေသည့် Database စနစ်နှင့်ပေါင်းစပ်ပြီး ပြည်သူများအပေါ် ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများကို လျင်မြန်စွာဆောင်ရွက်ခြင်းဖြစ်သည်။ အစိုးရယန္တရားများ မြန်ဆန်စွာလည်ပတ်ရန် သို့မဟုတ် နိုင်ငံတော်က အရေးကြီးသောမှတ်တမ်းများကို  ကွန်ပျူတာစနစ်ဖြင့် လုံခြုံစွာသိမ်းဆည်း ချိတ်ဆက်ဆောင်ရွက်သောလုပ်ငန်းဖြစ်သည်။

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာခေတ်တွင် မြန်မာနိုင်ငံအနေဖြင့် e-Governmentစနစ်ကို ရည်မှန်းအကောင်အထည်ဖော်လျက်ရှိရာတွင် အစိုးရအဖွဲ့အချင်းချင်း ရုံးတွင်းချိတ်ဆက်ထားသည့် စာပေးစာယူစနစ်ဟူသည့် အမြင်ရှိကြသည်မှာ မှားယွင်းသဖြင့် e-Government စနစ်၏ နိုင်ငံအကျိုးပြု ကျယ်ပြန့်သည့်လုပ်ငန်းစဉ်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည် လက်ခံလာအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်သည်။ Database စနစ်တွင် ပြည်သူများ၏ ကိုယ်ရေးအချက်များ စုစည်းထားခြင်းဖြစ်၍ ပြည်သူများ၏ လုံခြုံရေး နှင့် အကျိုးစီးပွားအထောက်အကူပြုရေး ဆောင်ရွက်ခြင်းဖြစ်သည်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာမျှဝေကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ e-Government ဆိုသည်မှာ ထိရောက်မြန်ဆန်လုံခြုံသည့် ကွန်ပျူတာစနစ်များကို အသုံးပြုပြီး အများပြည်သူအတွက် မြန်ဆန်ထိရောက်သည့် ဝန်ဆောင်မှုများကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးခြင်းဖြစ်ရာ စီမံချက်များ ချမှတ်ပြီး အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသည့် National Database စနစ် ခိုင်မာစွာတည်ဆောက်ပြီးပါက နိုင်ငံသားများ၏ လူမှုစီးပွားဘဝ လုံခြုံစိတ်ချမှုများ ကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။     ။