Skip to main content

မင်္ဂလာရှိသောငြိမ်းချမ်းရေးခရီး အားလုံးအတူတကွလက်တွဲပါဝင်

ယနေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် အခါကာလဖြစ်သည်။ လွန်ခဲ့သောရှစ်နှစ် ဤနေ့ဤအချိန်အခါ၌  နှစ်ပေါင်းရှည်ကြာ သဘောထားကွဲပြားခဲ့သူအချင်းချင်း ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ  လက်နက်ကိုင်ပဋိပက္ခများ ဆိတ်သုဉ်းအောင် အားထုတ်ကြိုးပမ်းနိုင်ခဲ့သဖြင့် မင်္ဂလာရှိသောအခင်းအကျင်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ ငြိမ်းချမ်းခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်၍ သမိုင်းဝင် ဤနေ့ဤရက်ကို အလေးအနက်ဂုဏ်ပြုကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးကြိုးပမ်းရယူမှုနှင့်အတူ နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်မှုအမွေဆိုးမှ ပေါ်ပေါက်လာသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာအောင် ရှည်ကြာလာခဲ့ပြီဖြစ်သည်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်ထောင်စုဖွား မိဘညီအစ်ကို မောင်နှမများမှာ လွတ်လပ်ရေး၏အရသာကို တင်းပြည့်ကျပ်ပြည့်မခံစားကြရပေ။ တည်ငြိမ်အေးချမ်းသာယာဝပြောမှု၊   ဖွံ့ဖြိုးတိုးတက်မှုတို့နှင့် အလှမ်းဝေးလျက်ရှိသည်။ လက်နက်ကိုင်ပဋိပက္ခပြဿနာများကြောင့်   အနိဋ္ဌာရုံဆိုးကျိုးများကို ကြုံတွေ့ခံစားခဲ့ကြရသည်။

လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ခေတ်အဆက်ဆက်အစိုးရများက ငြိမ်းချမ်းရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော်လည်း အကောင်အထည်ပေါ်မလာခဲ့ပေ။ ပဋိပက္ခသံသရာအတွင်း၌  တဝဲလည်လည် ဝဲလည်နေခဲ့ရသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် အစိုးရနှင့်တပ်မတော်၏ စိတ်ရင်းစေတနာကောင်းနှင့် မွန်မြတ်သောသဘောထားကို သိရှိနားလည်လက်ခံကြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေးကို အစပျိုးတည်ဆောက်နိုင်ခဲ့သည်။ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခဲ့ကြသည်။ ပြည်ထောင်စုအကျိုးကို  လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ငြိမ်းချမ်းခြင်း၏ တန်ဖိုးများမှာ ကြီးမားလှသော်လည်း ထာဝရငြိမ်းချမ်းရေးကိုမူ လွယ်လွယ်ကူကူဖြင့် တည်ဆောက်၍တော့ ရနိုင်မည်မဟုတ်ပေ။ နိုင်ငံရေး၊ လူမျိုးရေးကို အခြေခံလာသော အမြစ်တွယ်ခိုင်မာနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်သွားအောင် ဦးစွာတည်ဆောက် ကြိုးပမ်းကြရသည်။ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ မယုံကြည်မှုများရှိနေဆဲဖြစ်၍ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီး ပွင့်လင်းမြင်သာ စိတ်ရှည်သည်းခံကာ ကြိုးစားအကောင်အထည်ဖော်ရသည်။ ငြိမ်းချမ်းရေးသည် မပျက်ပြယ်၊ ရပ်တန့်မနေ ရှေ့သို့ တဖြည်းဖြည်းတက်လှမ်းနိုင်အောင် ယုံကြည်မှုကို တည်ဆောက်ခဲ့ကြရသည်။

ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်လျှင် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) တွင် လက်မှတ်ရေးထိုးနိုင်ခြင်းသည် ငြိမ်းချမ်းရေးအတွက် ကြီးမားသောအစပျိုးခြေလှမ်းဖြစ်သည်။ ထိုစဉ်က နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၊     တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်)၊ လွှတ်တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်းစသည့်နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့သည်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့်  စာချုပ်ဖြစ်၍ မည်သည့်အခါမျှ ပျက်ပြယ်ခြင်းမရှိသည့် သမိုင်းဝင်စာချုပ်ဖြစ်သည်။

NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိသည်။ NCA စာချုပ်တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော်ဖြစ်ပွားလာခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုးတက်မှုမရှိသော မိမိတို့ဒေသများနှင့် ခံစားနေကြရသော မိမိတို့တိုင်းရင်းသားပြည်သူများကို အလေးအနက်နှလုံးသွင်း၍ နှစ်ပေါင်းရှည်ကြာဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှ နိုင်ငံရေး၊ စစ်ရေးအဖြေမထွက်သည့် သင်ခန်းစာများကိုရယူ၍ ပြည်ထောင်စုကြီးနှင့် တိုင်းရင်းသားပြည်သူများ အားလုံး၏ အကျိုးစီးပွားကို အလေးအနက်ထားပြီး မိမိဒေသနှင့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် နိုင်ငံရေးနည်းဖြင့် ပူးပေါင်းလက်တွဲဆောင်ရွက်ရန် လက်ကမ်းဖိတ်ခေါ်ပါသည်။

သို့ဖြစ်ရာ ပြည်ထောင်စုကြီးအတွင်း နှစ်ပေါင်းထောင်ချီ မရှိအတူ ရှိအတူ၊ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်လာခဲ့ကြသော တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့်  သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မာသာယာဝပြောရေးကို ရှေးရှုလျက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့မှစတင်၍ ငြိမ်းချမ်းရေးခရီးတွင် အားလုံးအတူတကွ လက်တွဲပါဝင် လျှောက်လှမ်းကြပါရန် တိုက်တွန်းအပ်ပါကြောင်း။        ။

ကြေးမုံအယ်ဒီတာ့အာဘော်