Skip to main content

ပညာဉာဏ် သတိတရားနှင့် ကပ်ရောဂါဘေး ကင်းဝေးရေး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကိုဗစ်ရောဂါပြန့်ပွားမှုများ ရှိနေပြီဖြစ်သည့်အတွက် စစ်တွေမှ ပြည်သူများ ရခိုင်ပြည်နယ်ပြင်ပသို့ မထွက်ရန် စည်းကမ်းများ သတ်မှတ်ထားပါသည်။ ဒေသတစ်ခုလုံး နှင့် အခြားသော နေရာများကိုပါ ကာကွယ်ရန်အတွက် ရည်ရွယ် ကန့်သတ်ရခြင်း ဖြစ်ပါ၏။

ထိုသို့ ရောဂါပိုးပြန့်ပွားမှု ထင်ထင်ရှားရှားရှိနေသည့် စစ်တွေနှင့် သက်ဆိုင်ရာဒေသများကို အထူးကျန်းမာရေး စောင့်ရှောက်မှု အစီအမံ များဖြင့် ပြင်ဆင်ကာကွယ်နေခြင်းဖြစ်ပါသည်။ စစ်တွေမြို့က ပြည်သူများနှင့်တကွ ရောဂါပိုးကူးစက်နိုင်သည်ဟု ခန့်မှန်းရသည့် အခြားသော မြို့နယ်များက ပြည်သူတို့ကို ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ပေးမည်၊ လိုအပ်သလို ကုသပေး နိုင်ရန်လည်း စီစဉ်ထားပြီး ဖြစ်သည်ဟု သိရပါသည်။

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးသည် စစ်တွေမြို့နယ် သို့မဟုတ် ရခိုင်ပြည်နယ် တစ်ခုတည်း၏ ပြဿနာမဟုတ်ဘဲ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် လုပ်ငန်းရပ်ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းလုံးရှိ လူအားလုံးကို ထိခိုက်နစ်နာစေမည့် ရောဂါဖြစ်လေရာ သည်ရောဂါပိုး ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးသည် အမျိုးသားရေးလုပ်ငန်းတစ်ရပ်ပင် ဖြစ်ပါသည်။

ကိုဗစ်ဗိုင်းရပ်စ်ရောဂါပိုးသည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ ယောကျာ်းမိန်းမ၊ ကလေးလူကြီး မခွဲခြား။ မည်သူ့ကိုမဆို ဝင်ရောက်နိုင်သည့် ရောဂါပိုးဖြစ်ကာ မည်သူ့ထံ၌ ရောဂါပိုးရှိနေသည် ဆိုခြင်းကို ဓာတ်ခွဲမစစ်ဆေးဘဲ တပ်အပ်မပြောနိုင်ပါ။ ထို့ကြောင့် နေထိုင်မှုပုံစံပေါ်တည်၍ မိမိတို့ထံသို့ ရောဂါပိုးက အချိန်မရွေး ဝင်ရောက်လာနိုင်သည်ဟု သတိပြုကြရန် လိုပါသည်။ အစိုးရိမ်လွန် အကြောက်လွန်ရန် မဟုတ်ဘဲ ပိုသည်မရှိ၊ လွန်ကဲသည် ဟုမရှိသော သတိတရားကို လက်ကိုင်ထားကာ နေထိုင်ကြရန်သာ ဖြစ်ပါသည်။

ဒေသတွင်း၌ ရောဂါပိုးပြန့်နှံ့နေသည်ဟူ၍ သိရသည့်အခါ ဒေသနေပြည်သူတို့သည် အခြားဒေသသို့ ကူးကြ ရွှေ့ပြောင်းကြလိုသည်မှာ လူ့သဘာဝပဲဖြစ်ပါသည်။ သို့သော်လည်း လက်တွေ့ဘဝတွင် ထိုသို့ပြောင်းရွှေ့ကြ ကူးလူးကြခြင်းက ပိုမိုဆိုးရွားသည့် အခြေအနေများကို ဖြစ်ပေါ်စေနိုင်သည် ဆိုခြင်းကို နားလည်ကြရန် လိုအပ်ပါသည်။

ထို့ပြင် နေ့စဉ်ထုတ်ပြန်နေသော ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်များအရဆိုလျှင်၊ ရောဂါပိုး ကူးစက်ထားသူများကို ကုသပျောက်ကင်း နေသည်ကို ထောက်ချင့်ခြင်းအားဖြင့် ရောဂါပိုးရှိမှန်း သိလျှင် စောစောကုသခြင်းသည် ရောဂါပျောက်ကင်းရေးအတွက် ပိုမိုစိတ်ချရသည်ကို တွေ့ရပါမည်။ ထို့ကြောင့် လက်ငင်း အခြေအနေအရ၊ ပြန့်ပွားမှုများ ဖြစ်ပေါ်နေသည့် ဒေသနှင့် ပြန့်ပွားရန် အခွင့်အလမ်း ရှိနေသည့် ဒေသများတွင် နေထိုင်သူများကို ဦးစားပေး ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် ပြန့်ပွားမှုအရှိန်ကို လျှော့ချနိုင်မည်ဖြစ်ပြီး ကိုဗစ်ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်မည်မှာ အသေအချာ ဖြစ်ပါသည်။

ပြည်တွင်းရောဂါပြန့်ပွားမှု ပြန်လည် မြင့်တက်လာသည်၊ ပြည်တွင်း ကူးစက်မှုများပေါ်လာ၍ ကိုဗစ်ရောဂါ ဒုတိယလှိုင်း ဖြစ်လာနိုင်သည့် အလားအလာရှိနေသည့်အတွက် ပြည်သူတို့ မပေါ့ဆကြ ပါနှင့်ဟု ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်သည့်အခါ ရုတ်ချည်းဆိုသလိုပင် နိုင်ငံအနှံ့ရှိ ပြည်သူတို့ နှာခေါင်းစည်း မျက်နှာဖုံးများ ပြန်လည်တပ်ဆင်လာကြသည်မှာ လူထု၏ ကျန်းမာရေးအသိ နိုးကြားမှုကို ဖော်ပြနေခြင်းဟု မြင်ပါသည်။

ထိုသို့သော ကျန်းမာရေးအသိ နိုးကြားမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည့် စည်းကမ်း ဥပဒေများကို တိတိကျကျ လိုက်နာကြရန်လိုပါသည်။ ပြည်ပမှ ပြန်လည်ဝင်ရောက်လာမှု များတွင် မိမိတို့ကိုယ်တိုင်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်တွင် ရှိသည်ဖြစ်စေ၊ အနီးဆုံး ကျန်းမာရေးဌာန များကို အကြောင်းကြားခြင်းဖြင့် ကူညီကြရန်လည်း လိုအပ်ပါသည်။

ကိုဗစ်ရောဂါပိုး ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်ရေးတွင် အဓိကအကျဆုံးမှာ လူတစ်ဦးချင်းစီ၏ အသိဉာဏ်ရှိမှု၊ သတိရှိမှု တို့ဖြစ်ပါသည်။ အတတ်နိုင်ဆုံး အိမ်တွင်းမှာနေကြခြင်းဖြင့် လည်းကောင်း၊ အပြင်ထွက်ကြရမည့် အကြောင်းများရှိပါကလည်း မျက်နှာဖုံး နှာခေါင်းစည်း စသည်တို့ကို ဝတ်ဆင်ကြခြင်းဖြင့် လည်းကောင်း၊ အပြင်မှ ပြန်လာတိုင်း လက်ကို စနစ်တကျ ဆေးကြောခြင်း၊ ပြင်ပသွား အဝတ်အစား များကို လျှော်ဖွတ်ခြင်း၊ တစ်ခါသုံး နှာခေါင်းစည်းများကို အမှိုက်ပုံးတွင်းသို့ စနစ်တကျစွန့်ပစ်ခြင်းဖြင့် လည်းကောင်း၊ လူစုလူဝေး မပြုလုပ်ခြင်း၊ လူချင်းဆက်ဆံပြောဆိုရာတွင် အနည်းဆုံး ခြောက်ပေခွာကာ နေထိုင်ကြခြင်းဖြင့်လည်းကောင်း ကပ်ရောဂါဘေးက ကင်းဝေး အေးချမ်း ကြပါစေသတည်း။