Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် အောက်တိုဘာ ၂၂

ရွှေညောင်- တောင်ကြီး - နောင်ကားလမ်းခွဲ - ပင်းပက် ရထား လမ်းပိုင်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ဘူတာရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် အခမ်းအနားကျင်းပပြုလုပ်မည့် တောင်ကြီးဘူတာသို့ ရောက်ရှိကြရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူတို့က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေညောင်- တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် အမှာစကားပြောကြားရာတွင် ယနေ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားက ရှမ်းပြည်နယ်အတွင်း အရှည် ၂၁ ဒသမ ၇၂ မိုင်ရှိသည့် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးမှုနှင့်အတူ အရှည် ၁၀ ဒသမ ၇၈ မိုင်ရှိသည့် နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်းသစ် ဖွင့်လှစ်သည့် ဖွင့်ပွဲအခမ်းအနားဖြစ်သဖြင့် ရှမ်းပြည်နယ်မှ ဒေသခံတိုင်းရင်းသား ပြည်သူများအတွက်ရော၊ တစ်နိုင်ငံလုံးမှ မြန်မာပြည်သူများ အားလုံးအတွက်ပါ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ထူးထူးခြားခြား ဂုဏ်ပြုမှတ်တမ်းတင်ရမည့်နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မင်္ဂလာနေ့မြတ်အခါသမယတွင် ယခုဖွင့်ပွဲကို တက်ရောက်လာကြသူများ၊ ဒေသခံမိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ ကြောင်းနှင့် မြန်မာ့မီးရထား၏ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆတက်ထမ်းပိုးတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါကြောင်း။

အရှေ့တောင်အာရှ၏သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းကို ပိုင်ဆိုင်သည့်နိုင်ငံဖြစ်

ရထားပို့ဆောင်ရေးလုပ်ငန်းသည် မြန်မာ့သမိုင်း၏ အထင်ကရဇာတ်ကောင်တစ်ဦးဖြစ်ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေး(Public Transport) နှင့် ပတ်သက်လာပါက ပထမဦးဆုံးနှင့် ရှေးအကျဆုံး Transport Mode တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ဆိုပါက နှစ်ပေါင်း(၁၄၆) နှစ်ကျော် သက်တမ်းရှိခဲ့ပြီဖြစ်သည့်အတွက် ကျွန်တော်တို့မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံး ရထားပို့ဆောင်ရေးလုပ်ငန်းကို ပိုင်ဆိုင်သည့် နိုင်ငံလည်းဖြစ်ပါကြောင်း။

နိုင်ငံတစ်နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍသည် အလွန်အရေးပါသည့် ကဏ္ဍကြီးတစ်ရပ်ဖြစ်ပါကြောင်း၊ ဒီထက်ပိုပြီးပြောရမည်ဆိုပါက အခြေခံလူတန်းစား ပြည်သူအများစုကြီး အားကိုးအားထား အသုံးပြုနေရသည့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း၊ မြန်မာ့မီးရထားအနေနှင့် ခေတ်စနစ်ပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားခဲ့ပြီးခေါက်ရှာငှက်ပျံသကဲ့သို့ နိမ့်တစ်ခါ မြင့်တစ်လှည့် အောင်မြင်မှု၊ ဆုံးရှုံးမှုများစွာကို ဖြတ်သန်းခဲ့ရသည့်အတွက် ယနေ့အချိန်တွင် အတွေ့အကြုံရင့်ကျက်သည့် ဌာနကြီးတစ်ခုအဖြစ် ရှုမြင်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် စရိတ်စကသက်သက်သာသာဖြင့် ခရီးသည်အများအပြားကို သက်သောင့်သက်သာဖြင့် လိုရာခရီးကို ပို့ဆောင်ပေးနိုင်သကဲ့သို့ ကုန်စည်အမြောက်အမြားကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီးကို စရိတ်ကျဉ်းကျဉ်းဖြင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ခြင်းသည် မြန်မာ့မီးရထား၏ ထင်ရှားသည့် အားသာချက်ဖြစ်ပါကြောင်း။

ရထားလုပ်ငန်းသည် နိုင်ငံအတွက် မဟာဗျူဟာအရ အရေးကြီးသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ရထားသည် ကားနှင့်နှိုင်းယှဉ်ပါက တူညီသောကုန်စည်ပမာဏနှင့် အကွာအဝေးအတွက် လောင်စာဆီလေးပုံတစ်ပုံမှ ခြောက်ပုံတစ်ပုံသာ ကုန်ကျသည့်အတွက် လေထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျော့ပါးသက်သာစေသကဲ့သို့ ခရီးသည်နှင့် ကုန်စည်အမြောက်အမြား သယ်ယူပို့ဆောင်နိုင်သည့်အတွက် ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်နေသည့် မြို့ကြီးများ၌ မဖြစ်မနေအားထားအသုံးပြုနေရသည့် အားသာချက်ကြောင့် ရထားလုပ်ငန်း ဆက်လက်ရှင်သန်နိုင်ရေးအတွက် နိုင်ငံအစိုးရအသီးသီးက နည်းအမျိုးမျိုးဖြင့် ပံ့ပိုးထောက်ကူပေးထားကြောင်းကိုလည်း လေ့လာတွေ့ရှိရပါကြောင်း။

ထို့ကြောင့် မိမိတို့အစိုးရ တာဝန်ယူပြီးသည့်နောက်တွင် ရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်အစိုးရလက်ထက် မပြီးပြတ်ခဲ့သည့် လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သများအတွက် လိုအပ်မည့် စီမံကိန်းအသစ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိကိုယ်တိုင် တာဝန်ရှိသူများနှင့် မကြာခဏတွေ့ဆုံပြီး ရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ပံ့ပိုးဖြည့်ဆည်းမှာကြားမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရာ၌ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာပြီး ရေရှည်အတွက် မျှော်မှန်းစဉ်းစားဆောင်ရွက်ရန်၊ ပြည်တွင်းအင်ဂျင်နီယာပညာရှင်များကို အဓိကအားထားအသုံးပြုပြီး နည်းပညာများ တိုးတက်လာအောင်ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန်၊ စက်ခေါင်းနှင့် တွဲများ တည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြည်ပမှဝယ်ယူမှုကို တဖြည်းဖြည်းလျှော့ချပြီး ပြည်တွင်း၌ ထုတ်လုပ်တည်ဆောက်နိုင်ရန် သုတေသနပြု၊ နည်းပညာများ လေ့လာပြီး ကြိုးပမ်းဆောင်ရွက်သွားရန် စသည်များကို မှာကြားထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရနိုင်သမျှ ဘဏ္ဍာငွေများကို အသုံးပြုပြီး ရထားလမ်းပိုင်းအလိုက် အဆင့်မြှင့်တင်မွမ်းမံခြင်း၊ ရထားတွဲများ ပြုပြင်ထိန်းသိမ်းခြင်း၊ တွဲသစ်များ တည်ဆောက်တပ်ဆင်ခြင်း၊ ဘူတာရုံများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဖြည့်ဆည်းဆောင်ရွက်ပေးမှုများ၏ ရလဒ်အသီးအပွင့်တစ်ခုအဖြစ် ယနေ့ဒီရထားလမ်း ပိုင်းအသစ်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း။

ယခုအခါ တောင်ကြီး - ဆိုက်ခေါင် ရထားလမ်းပိုင်းအတွင်းရှိ နောင်ကားလမ်းခွဲဘူတာမှတစ်ဆင့် ဟိုပုံးမြို့အနီး ပင်းပက်အထိ အရှည် ၁၀ ဒသမ ၇၈မိုင်ကို အောင်မြင်စွာ တိုးချဲ့ဖောက်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အဆိုပါရထားလမ်းပိုင်းအသစ် ဖောက်လုပ်ခြင်းနှင့်အတူ လမ်းပိုင်းအတွင်း အဓိကကျသည့် ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်းသည် ၁၉၉၇ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကျိုးရှိစွာအသုံးမပြုနိုင်ပါကြောင်း၊ ထို့ကြောင့် ရထားလမ်းကွေ့နှင့် ဆင်ခြေလျှောများ ပြေပြစ်ပြီး ပိုမိုကြံ့ခိုင်မှုရှိစေရန်၊ ခရီးသည်နှင့် ကုန်စည်များ လုံခြုံစိတ်ချစွာ ဝန်ချိန်ပြည့်သယ်ယူပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်ပြီး ရထားလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို တစ်ပါတည်း ဆောင်ရွက်ပြီးစီးခဲ့ခြင်းဖြစ်ပါကြောင်း။

ခရီးသည်နှင့်ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး ပြေးဆွဲပေးသွားမည်ဖြစ်သည့်အတွက် ထင်ရှားမြင်သာ သည့်အကျိုးရလဒ်ကို လက်တွေ့ခံစားနိုင်ကြတော့မည်ဖြစ်

အဆိုပါ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် လမ်းပိုင်းအသစ် တည်ဆောက်ဖွင့်လှစ်ခြင်းများ ဆောင်ရွက်ပြီးချိန်၌ ပင်းပက်သံမဏိစက်ရုံမှ သံရိုင်းကုန်ကြမ်းများကို လိုရာအရောက် သက်သာလွယ်ကူစွာ သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေခြင်း၊ ဒေသတွင်းမှ ကုန်စည်များကို ရထားဖြင့် ကုန်ကျစရိတ်သက်သာစွာ ပို့ဆောင်နိုင်ခြင်း၊ စက်မှုကုန်ကြမ်းများကို ကုန်ချောထုတ်လုပ်ရာဒေသအရောက် လွယ်ကူစွာ ပို့ဆောင်ပေးနိုင်သည့်အတွက် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းကို အသုံးပြုခြင်းအားဖြင့် တောင်တန်းဒေသ၏ သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ခြင်းနှင့် ဒေသတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ကြမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ဖွင့်လှစ်သည့် ရွှေညောင်- တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်လမ်းပိုင်းတွင် တောင်ကြီးဘူတာကို အခြေပြုပြီး တောင်ကြီး -ရွှေညောင်ရထား၊ တောင်ကြီး-ပင်းပက်-ဆိုက်ခေါင် ရထားများကို ခရီးသည်နှင့် ကုန်စည်ရရှိမှုအပေါ် မူတည်ပြီး ပြေးဆွဲပေးသွားမည်ဖြစ်သည့်အတွက် ထင်ရှားမြင်သာသည့် အကျိုးရလဒ်ကို လက်တွေ့ခံစားနိုင်ကြတော့မည်ဖြစ်ပါကြောင်း။

မြန်မာ့မီးရထားသည် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ခရီးသည်နှင့် ကုန်စည်များကို ဈေးနှုန်းသက်သာစွာနှင့် လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ပေးရင်း နိုင်ငံတော်၏ ဘက်စုံကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန်၊ တစ်ချိန်တည်း၌ လူ၊ ပစ္စည်း၊ ငွေကြေး စသည့် ရှိရင်းစွဲအရင်းအမြစ်များကို လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ အကျိုးရှိထိရောက်စွာ အသုံးချနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ယှဉ်ပြိုင်နေရသည့် ယနေ့အချိန်အခါမျိုး၌ စီးပွားရေးဆန်ဆန်ယှဉ်ပြိုင်နိုင်ပြီး ခရီးသည်နှင့် ကုန်စည်များကို ကုန်ကျစရိတ်သက်သာစွာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် သယ်ယူပို့ဆောင်ပေးနိုင်သည့် လုပ်ငန်းကြီးတစ်ရပ်ဖြစ်လာစေရေးကိုလည်း မြန်မာ့မီးရထားဝန်ထမ်းတိုင်းက မျှော်မှန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ထို့ပြင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့အဆင်ပြေရေး၊ မတော်တဆမှုများ လျော့နည်းပပျောက်ရေး၊ ရထားများ အချိန်မှန်ကန် ရေး၊ ရထားလမ်းများ ပိုမိုတောင့်တင်း ခိုင်မာရေး၊ ဝင်ငွေတိုးရေးနှင့် သုံးငွေ လျော့နည်းရေး၊ စက်ခေါင်းနှင့်တွဲ ချွတ်ယွင်းမှုများ လျော့နည်းကျဆင်းရေး၊ ရထားဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်ရေး စသည့်ရည်မှန်းချက်များကို မြန်မာ့မီးရထားဝန်ထမ်းအဆင့်အားလုံးက တက်ညီလက်ညီ၊ စည်းလုံးညီညွတ်စွာဖြင့် မိမိကိုယ်ပိုင်စီးပွားရေးပမာ ခံယူကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်ပြီး ကုန်သွယ်စီးပွားလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့် အချက်အချာဒေသဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းသားပေါင်းစုံလူဦးရေ (၄) သိန်းကျော် မှီတင်းနေထိုင်သည့် မြို့တော်ကြီးလည်း ဖြစ်ပါကြောင်း၊ တောင်ကြီးဒေသကို ဗဟိုပြုပြီး ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းတို့ကို ပြည့်စုံအောင်မြင်အောင် ကြိုးပမ်းစွမ်းဆောင်ပေးခဲ့ကြသည့် မြန်မာ့မီးရထားမှ ဝန်ထမ်းများအားလုံးကို ဂုဏ်ယူအသိအမှတ်ပြု ပါကြောင်းနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရေရှည်ရှင်သန်ရပ်တည်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံကျေပွန်အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် မြန်မာ့မီးရထားဝန်ထမ်းများအားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ရွှေညောင် - တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်း ဖွင့်လှစ်ခြင်းအထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ယင်းနောက် ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းကို ကောင်စီတွဲဖက်အတွင်းရေးမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထိုသို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ် ဒေသခံတိုင်းရင်းသားပြည်သူများက ရိုးရာအိုးစည်များ တီးခတ်၍ ရှမ်းရိုးရာအက အလှများဖြင့်လည်းကောင်း၊ ကျောင်းသားကျောင်းသူများက ဘင်ခရာတီးဝိုင်း၊ ပန်းပွားအကအလှများဖြင့်လည်းကောင်း ဂုဏ်ပြုတီးမှုတ် ကပြကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တောင်ကြီးဘူတာမှ ပင်းပက်ဘူတာသို့ ပြေးဆွဲထွက်ခွာမည့် ရထားစက်ခေါင်းနှင့် တောင်ကြီးဘူတာမှ ပေါမူဘူတာသို့ ပြေးဆွဲထွက်ခွာမည့် ရထားစက်ခေါင်းတို့အား အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဒေသခံတိုင်းရင်းသားရိုးရာ အကအလှအဖွဲ့များနှင့် ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တောင်ကြီးဘူတာမှ ပင်းပက်ဘူတာသို့ ပြေးဆွဲ ထွက်ခွာမည့် ရထားတွဲဆိုင်း စတင် ထွက်ခွာမှုအား ကြည့်ရှုအားပေးပြီး ရထားပေါ်တွင် စီးနင်းလိုက်ပါသွားကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား လက်ဝှေ့ယမ်းပြ နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး ဦးဆောင်သည့်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများသည် တောင်ကြီးဘူတာမှ ပေါမူဘူတာသို့ ပြေးဆွဲထွက်ခွာမည့် ရထားတွဲဆိုင်းပေါ်တွင် အတူတကွ လိုက်ပါစီးနင်းခဲ့ကြပြီး တောင်ကြီးမြို့အား ရထားပေါ်မှ မြင်တွေ့ရသည့် အလှအပများ၊ တောင်ကြားလမ်းများ၊ ရထားလမ်းကြောင်းတစ်လျှောက် မြင်တွေ့ရသည့် သဘာဝရှုခင်းအလှအပများ၊ စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှုများ၊ ထီသိမ်ဘူတာအနီး၌ ထည့်သွင်း ဖောက်လုပ်ထားသည့် ရထားလမ်းအဝိုင်း ပတ်ကို ရှမ်းပြည်နယ်၏ ထင်ရှားသော ဘဝသံသရာရထားလမ်းနှင့် တံတားပုံစံအတိုင်း ထည့်သွင်းတည်ဆောက်ထားရှိမှုများ၊ ရထားလမ်းပိုင်းနေရာအချို့အား ကျောက်သားမြေနံရံများ၊ ကျောက်တောင်များကို ဖြတ်တောက်တူးဖော်၍ ကျောက်တောင်ကြား လမ်းပိုင်းရှည်နေရာများကို ခက်ခက်ခဲခဲ ကြိုးပမ်းဖောက်လုပ်ထားရှိမှုများကို ကြည့်ရှုခဲ့ကြပြီး လမ်းကြောင်းတစ်လျှောက်မှ ဒေသခံပြည်သူ များ၏ ရင်းရင်းနှီးနှီးနှုတ်ဆက်မှုကို လက်ဝှေ့ယမ်းပြ ပြန်လည်နှုတ်ဆက်သည်။

ထိုသို့ စီးနင်းလိုက်ပါစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ဒေသခံတိုင်းရင်းသားများက အိုးစည် ဗုံမောင်းများ တီးမှုတ်၍ ဂါရဝပြုပြန်လည်နှုတ်ဆက်ကြသည်။ ထို့ပြင် မြန်မာ့မီးရထားမှ ဝန်ထမ်းများကလည်း ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့် ရထားတွဲသည် ပေါမူဘူတာသို့ ရောက်ရှိကြပြီး မီးရထားဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ရထားလမ်းပိုင်း ပြေးဆွဲပေးနိုင်မည့်အခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

မြန်မာ့မီးရထားအနေဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် တည်ရှိသည့် ရထားလမ်းကွန်ရက်တစ်လျှောက် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးနှင့် ကုန်စည်များအား နေရာဒေသအနှံ့ ပို့ဆောင်နိုင်ရေးတို့အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်မူဝါဒနှင့်အညီ စီစဉ်ပြေးဆွဲ ပို့ဆောင်လျက်ရှိကြောင်း၊ ယနေ့တွင် ဖွင့်လှစ်ခဲ့သည့် ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက်ရထားလမ်းပိုင်းကိုလည်း နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်း အတွင်းရှိ နောင်ကားလမ်းခွဲဘူတာမှတစ်ဆင့် ပင်းပက်သို့ အရှည် ၁၀ ဒသမ ၇၈ မိုင်ကို တိုးချဲ့ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းပိုင်းအတွင်း အဓိကကျသည့် ရွှေညောင်-တောင်ကြီးအကြား ရထားလမ်းပိုင်းကို ရထားလမ်းကွေ့နှင့် ဆင်ခြေလျှောပြေပြစ်ပြီး ပိုမိုကြံ့ခိုင်မှုရှိစေရေးနှင့် ခရီးသည်နှင့် ကုန်စည်များ လုံခြုံစိတ်ချစွာ ဝန်ချိန်ပြည့် သယ်ယူပို့ဆောင်နိုင်ရန် ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရွှေညောင်-တောင်ကြီး-နောင်ကားလမ်းခွဲ-ပင်းပက် ရထားလမ်းပိုင်းတွင် ခရီးမိုင် ၄၁ ဒသမ ၁၆ မိုင် တံတားကြီး၊ တံတားငယ် ၁၂၉စင်းနှင့် ဘလောက်ဘူတာ ၉ ဘူတာ ပါဝင်ကြောင်း၊ ယခုကဲ့သို့ ရထားလမ်းပိုင်းအဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ဖောက်လုပ်နိုင်ခဲ့သည့်အတွက် မီးရထား လမ်းကြောင်းမှ ဒေသထွက်ကုန်စည်များကို ကျန်ကျစရိတ်သက်သာစွာ၊ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်ပေးနိုင်မည့်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်သော ရထားပို့ဆောင်ရေးကို အသုံးပြုခြင်းဖြင့် တောင်တန်းဒေသ၏ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် ဒေသတွင်းလူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်