နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေသည့် အနုသုခုမပညာရပ်များအား ထုတ်ဖော်ပြသယှဉ်ပြိုင်ကြသည့် ၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ခမ်းနားထည်ဝါ ဂုဏ်ယူဖွယ်ရာ အခင်းအကျင်းများဖြင့် အောင်မြင်စွာကျင်းပနေပြီဖြစ်သည်။
မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်ချီကာလကတည်းက အဆင့်အတန်း မြင့်မားသော ယဉ်ကျေးမှုအမွေအနှစ်များ ထွန်းကားသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက်လက္ခဏာများ ထင်ရှားခိုင်မာစွာ ဖြစ်ထွန်းခဲ့သည်။ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ထုံးတမ်းစဉ်လာဓလေ့များနှင့် မြန်မာမှု၊ မြန်မာ့ဟန်စစ်စစ်များကို ရှေးမြန်မာဘိုးဘေးဘီဘင် အဆက်ဆက်လက်ထက်က ဖန်တီးပုံဖော်လာခဲ့ကြသည့် အနုသုခုမပညာရပ်များကို ယင်းကာလမှစ၍ ခေတ်အဆက်ဆက် ယနေ့ထက်တိုင်အောင် ထိန်းသိမ်းလာခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။
ကမ္ဘာ့နိုင်ငံများ သမိုင်းခေတ်ပြိုင်မှတ်တမ်းများအရ မြန်မာလူမျိုးများသည် ရှည်လျားသည့် သမိုင်းကြောင်းတစ်လျှောက်တွင် ဘာသာတရားဆိုင်ရာ အဆုံးအမညွှန်ပြမှုများ၊ အဆင့်အတန်းမြင့်မားသည့် ယဉ်ကျေးမှုထုံးတမ်းစဉ်လာများ၊ သိမ်မွေ့နက်နဲ အဓိပ္ပာယ်လေးနက်သည့် အနုသုခုမပညာရပ်များနှင့် ကိုယ်ပိုင်ယဉ်ကျေးမှု အမျိုးသားရေးစရိုက်လက္ခဏာများကို ခိုင်ခိုင်မာမာထူထောင်ခဲ့ပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစွာဖြင့် နေထိုင်လာခဲ့ကြသည့်လူမျိုးဖြစ်ရာ အစဉ်အလာကြီးမားသော ယဉ်ကျေးမှုဓလေ့ထုံးစံများကို မြန်မာနိုင်ငံသားအားလုံးက ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ကြရမည်ဖြစ်သည်။
“မြန်မာတို့၏ ထူးခြားမြင့်မြတ်သည့် အစဉ်အလာများနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ် ပိုမိုထွန်းတောက်ရေး၊ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုး ဟု ဝင့်ဝင့်ထည်ထည် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရေးအတွက် အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ မြဲမြံစွာဖြင့် မြန်မာ့အမျိုးသားယဉ်ကျေးမှုကို ဆက်လက်မြှင့်တင် ထိန်းသိမ်းသွားကြပါရန်” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့သည်။
နိုင်ငံနှင့်လူမျိုး၏ ကောင်းမြတ်သည့် ဂုဏ်ဒြပ်နှင့်အစဉ်အလာ၊ အမျိုးသားရေး စံနှုန်းများကို ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ရည်မှန်းပြီး အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိသည်။ အမျိုးသားယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းများအနက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပခြင်းကဏ္ဍတစ်ရပ်သည် တစ်မျိုးသားလုံး ပါဝင်ဆောင်ရွက်ကြရသည့် အဆင့်အမြင့်ဆုံး အမျိုးသားရေးအားထုတ်မှု တစ်ရပ်ဖြစ်သည်။ ယဉ်ကျေးမှုသည် နိုင်ငံ၏အသက်ဝိညာဉ်ဖြစ်၍ ယဉ်ကျေးမှု မပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အမျိုးသားရေးတာဝန်ဖြစ်သည်။
သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော မျက်မှောက်ကာလတွင် အနောက်နိုင်ငံများ၏ အနောက်တိုင်းယဉ်ကျေးမှုများ ထိုးဖောက်မှုအားကောင်းလာသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံငယ်များ၊ အထူးသဖြင့် အရှေ့တိုင်းယဉ်ကျေးမှုထွန်းကားခဲ့သော နိုင်ငံများကြားတွင် အနောက်တိုင်းယဉ်ကျေးမှု ထိုးဖောက်ဝင်ရောက်မှုကြောင့် ယဉ်ကျေးမှုနှစ်ခြမ်းကွဲခြင်း၊ ယဉ်ကျေးမှုမျိုးကွဲများပေါင်းစပ်ခြင်း စသည်တို့ကို ကြုံတွေ့လာကြသည်။ အနောက်တိုင်းယဉ်ကျေးမှုကို တန်ဖိုးထားမှုလွန်ကဲလာပါက မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုများ မှေးမှိန်ပျောက်ကွယ်သွားနိုင်သည်။ ကိုယ်ပိုင်ယဉ်ကျေးမှုပျောက်ကွယ်ပါက နိုင်ငံနှင့်လူမျိုးအပေါ် အထင်ကြီးလေးစားမှု လျော့နည်းသွားပြီး မိမိတို့၏အမျိုးသားရေးအားမာန်များ ခန်းခြောက်လာကာ တိုင်းတစ်ပါးလက်ဝေခံဘဝသို့ ရောက်သွားနိုင်သည်။
ယဉ်ကျေးမှုသည် နိုင်ငံအတွက် အလွန်အရေးကြီးပြီး ယဉ်ကျေးမှုကိုအကြောင်းပြု၍ အမျိုးသားရေးအသိ၊ အမျိုးသားရေးသတိ ရှိရမည်ဖြစ်သည်။ မိမိနိုင်ငံ၊ မိမိယဉ်ကျေးမှုကို တန်ဖိုးမထားသဖြင့် တိုင်းတစ်ပါးကို အထင်ကြီးပြီး အမျိုးသားရေး အားမာန်များ ခန်းခြောက်လာသည်နှင့်အမျှ နိုင်ငံအချုပ်အခြာအာဏာလည်း ထိပါးနှောင့်ယှက်ခံရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်းက မိမိတို့၏ ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ၊ အမျိုးသားရေးစံနှုန်းများနှင့် အမျိုးသားရေးအနှစ်သာရများ မှေးမှိန်တိမ်ကောပျောက်ကွယ်သွားခြင်း မရှိစေရန် အမျိုးသားရေးစိတ်ဓာတ် မြဲမြံခိုင်ကျည်အောင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံအတွက်အရေးကြီးသည့် အမျိုးသားရေးစိတ်ဓာတ် မြဲမြံခိုင်ကျည်နေစေရန် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းမြှင့်တင်ပေးနေသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး စဉ်ဆက်မပြတ် ပေါ်ထွန်းပြီး ဝိုင်းဝန်းအားပေး မြှင့်တင်ကြရမည်ဖြစ်ပါကြောင်း။ ။