Skip to main content

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

ယနေ့သည် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်သည်။ သီတင်းကျွတ်လတွင် သင်္ကဿမှ မင်းနှင့်တကွသော ပြည်သူတို့သည် မြတ်စွာဘုရားရှင်အား ဆီမီးတန်ဆောင် ညှိထောင်ထွန်းလင်းပူဇော်ခြင်းဟူသော အစဉ်အလာအတိုင်း သီတင်းကျွတ်လတွင် မီးထွန်းပွဲပြုလုပ်ကြသည်။ တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောကြားတော်မူခဲ့သည်ကိုအကြောင်းပြု၍ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့မြတ်ဟု သတ်မှတ်ပူဇော်ကြသည်။

မြတ်စွာဘုရားသည် မကုလတောင်၌ ဆဋ္ဌမဝါဆိုတော်မူပြီးနောက် သတ္တမဝါကို တာဝတိံသာနတ်ပြည်သို့ကြွတော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကိုအမှူးပြု၍ လောကဓာတ်တစ်သောင်းမှ စုဝေးရောက်လာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူသည်။ တရားဟောကြားပြီး ဝါကျွတ်သောအခါ သိကြားမင်းဖန်ဆင်းသည့် စောင်းတန်းသုံးသွယ်ဖြင့် လူ့ပြည်သင်္ကဿနဂိုရ်ပြည်သို့ နတ်ဗြဟ္မာအပေါင်းခြံရံလျက် ဆင်းသက်တော်မူသည်။

ထိုအခါ မင်းနှင့်တကွသော ပြည်သူတို့သည် ဆီမီးတန်ဆောင်ထွန်းကာ မြတ်စွာဘုရားကို ကြိုဆိုကြသည်။ ဤအခါမှစ၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူတို့သည် သီတင်းကျွတ်လသို့ရောက်သည့်အခါ ဆီမီးတန်ဆောင် ညှိထောင်ထွန်းလင်း ပူဇော်ကြခြင်းဖြစ်သည်။ သီတင်းကျွတ်သည့်အခါ အများပြည်သူတို့အနေဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်သောအားဖြင့် ဆီမီးပူဇော်ထွန်းညှိခြင်းကိုသာ အလေးအနက်ပြုကြလေ့ရှိသော်လည်း အနှစ်သာရမှာ အမိကျေးဇူးဆပ်ခြင်းကိုရည်ညွှန်း၍ အဘိဓမ္မာတရားကို ဟောကြားတော်မူခြင်းဖြစ်ပေသည်။

သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟုဆိုဆို၊ ဆီမီးထွန်းပူဇော်ပွဲပြောပြော အဆိုပါနေ့မြတ်သည် မြန်မာလူမျိုးများအတွက်သာမက ထေရဝါဒဗုဒ္ဓဘာသာဝင် တိုင်းရင်းသားလူမျိုးအားလုံးနှင့်သက်ဆိုင်ပေသည်။ ကျေးဇူးတော်ရှင်မြတ်ဗုဒ္ဓကိုရည်မှန်း၍ ဆီမီးပူဇော်သည့် ယဉ်ကျေးမှုအစဉ်အလာမှာ ယနေ့ထက်တိုင် ထွန်းကားနေခြင်းမှာလည်း ဗုဒ္ဓသာသနာ ထွန်းလင်းတောက်ပနေခြင်းသာဖြစ်ပေသည်။ ရှမ်းတိုင်းရင်းသားတို့သည် မီးအလှဆင်ထားသည့် တိုးနရားအကဖြင့် ပူဇော်လေ့ရှိကြပါသည်။ အဆိုပါရှမ်းတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအစဉ်အလာသည် မြတ်ဗုဒ္ဓကိုကြည်ညိုသည့်စိတ်၊ သဒ္ဓါစိတ်မှ ပေါက်ဖွားလာခြင်း ဖြစ်ပေသည်။

မည်သည့်တိုင်းရင်းသားလူမျိုးမဆို မိမိတို့၏ယဉ်ကျေးမှုအစဉ်အလာ တစ်မျိုးမျိုးဖြင့် ပူဇော်ခြင်းသည် ကောင်းသောကုသိုလ်၊ မြတ်သောအမှုသာဖြစ်သည်။ အစဉ်အလာကောင်းသည့် ဘာသာရေးအခြေခံ အဘိဓမ္မာအခါတော်နေ့၊ ဆီမီးထွန်းပွဲတော်၊ ပဝါရဏာနေ့နှင့် မြင်းမိုရ်မီးပူဇော်ပွဲစသည်ဖြင့် တစ်မျိုးမဟုတ်တစ်မျိုးကိုပြုလုပ်၍ ကောင်းမှုပြုကြသည်။ အဓိကမှာ အဘိဓမ္မာတရားတော်ကို နာကြားပူဇော်ခြင်း၊ သီတင်းကွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်တော်မူခြင်းသည် အနှစ်သာရဖြစ်သည်။ ဤတွင် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှလူ့ပြည်သို့ ပြန်ကြွတော်မူသောအခါ မြတ်ဗုဒ္ဓက လောကဝိဝရဏ တန်ခိုးတော်ဖြင့် ငရဲ၊ တိရစ္ဆာန်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအချင်းချင်း အဆီးအတားမရှိ မြင်တွေ့ဖူးမြော်ခွင့်ရသည့် ထူးကဲခြင်းဖြစ်ပါသည်။

လောကလူသားကောင်းကျိုးအတွက် မြတ်စွာဘုရားရှင်သည် ဝေနေယျသတ္တဝါ အပေါင်းတို့အားလုံးမကျန် ဖူးမြော်ခွင့်ကိုရရှိခဲ့ရာ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော်မှာ ကြီးမားလှပါပေသည်။ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို အောက်မေ့ဆင်ခြင်၍၊ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော အဘိဓမ္မာတရားတော်ကို နာယူအာရုံပြု၍ ကုသိုလ်ထူးကို ရယူနိုင်ကြမည်ဖြစ်ပေသည်။ သီတင်းကျွတ်လပြည့်နေ့သည် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာတည်းဟူသော ရတနာသုံးပါးစလုံး ရည်စူးပူဇော်နိုင်သော နေ့မြတ်ဖြစ်၍ ထူးကဲလှပေသည်။ မြတ်စွာဘုရား တန်ခိုးတော်၊ အဘိဓမ္မာတရားတော်နှင့် ရဟန်းတို့၏ ကြည်ညိုဖွယ် ပဝါရဏာကို မြင်တွေ့နိုင်ပေသည်။

ရဟန်းတို့သည် သီတင်းကျွတ်လပြည့်သောအခါ အညီအညွတ်စည်းဝေးကြ၍ ထေရ်စဉ်အလိုက် “ငါ့အရှင်တို့ သံဃာကိုဖိတ်ကြားပါ၏။ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် ကျွန်ုပ်အားအစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော။ မြင်သည်ရှိသော် ကုစားပါအံ့” ဟု ပဝါရဏာပြုခြင်းသည် ကျက်သရေမင်္ဂလာကောင်းခြင်းအဖြာဖြာနှင့်ပြည့်စုံပေသည်။ ဤသို့ မွန်မြတ်သောအမှုကို ရဟန်းတို့ပြုသကဲ့သို့ လူတို့အနေဖြင့် ဤသို့ပြုနိုင်ကြပါလျှင် မည်မျှအကျိုးထူးမည်ကို မှန်းဆ၍ပင်ရနိုင်မည်မထင်ပါ။ မည်မျှငြိမ်းချမ်းသာယာဝပြောမည်ကို ပြောနိုင်၍ပင် ရမည်မထင်ပါ။ သို့သော် လူတို့အနေဖြင့် ရဟန်းတို့ကဲ့သို့ မပြုနိုင်ပါချေ။

သို့ဖြစ်ရာ သီတင်းကျွတ်လပြည့်နေ့သည် မြန်မာတို့၏ ဘာသာယဉ်ကျေးမှု ရှေးရိုးအစဉ်အလာမပျက် စိတ်ကြည်နူးချမ်းမြေ့ဖွယ် မီးထွန်းပူဇော်ပွဲနေ့တစ်နေ့ဟု ဆိုသည်ထက် အမိကျေးဇူးဆပ်သောနေ့၊ အဘိဓမ္မာအခါတော်နေ့၊ မြတ်စွာဘုရားရှင်ကို ရည်မှန်းပူဇော်သောနေ့၊ ပဝါရဏာပြုသောနေ့ဟူ၍ မွန်မြတ်သောသဒ္ဓါဆန္ဒဖြင့် ကုသိုလ်ပြုကြမည်ဆိုလျှင် ထူးကဲသောကောင်းမှုကုသိုလ်များ ရရှိကြလိမ့်မည် ဖြစ်ပါကြောင်း။          ။