နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း (National Livestock Baseline Survey)ကို နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ နှစ်လတိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၃ ခုရှိ မြို့နယ် ၂၁၅ မြို့နယ်မှ ကျေးရွာအုပ်စု၊ ရပ်ကွက်များ၏ ၂၀ ရာခိုင်နှုန်းကို ကွက်ပြည့်ကောက်ယူပြီး စီးပွားဖြစ် မွေးမြူရေးခြံများကို ရာခိုင်နှုန်းပြည့်စာရင်းကောက်ယူသွားမည်ဟု သိရသည်။
မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံစာရင်းဇယား ကိန်းဂဏန်းများမှာ အရေးပါသည့်အလျောက် အတိုးအလျော့အပြောင်းအလဲများ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေသော မွေးမြူရေးတိရစ္ဆာန်များ၏ ကောင်ရေစာရင်းဇယားများကို နှစ်အလိုက်အနီးစပ်ဆုံးမှန်ကန်စွာ ရရှိထားရန်လိုသည်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးအလိုက် တိရစ္ဆာန်ကောင်ရေစာရင်းဇယားများ ရရှိထားခြင်းအားဖြင့် ပြည်တွင်းစားသုံးမှုအတွက် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသော အသားထုတ်လုပ်မှု၊ ဈေးကွက်လိုအပ်ချက်များနှင့်အညီ မွေးမြူထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်မှု၊ မွေးမြူရေးကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်မှုတို့အတွက် မှန်ကန်ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၉-၁၉၈၀ ပြည့်နှစ်မှ ၁၉၉၃-၁၉၉၄ ခုနှစ်အထိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက နှစ်စဉ်ဆောင်ရွက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် မြေပြင်ကွင်းဆင်းကောက်ယူခြင်း မပြုတော့ဘဲ စာရင်းကိန်းဂဏန်းတွက်ချက်နည်းဖြင့်သာ မှတ်တမ်းတင်ခဲ့သည်ဟု သိရသည်။ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ်တွင် ပြန်လည်ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း နှစ်စဉ်ကြားဖြတ်ကောင်ရေစာရင်းများကို ကောက်ယူခဲ့ရာ ဒေသနွား၊ နို့စားနွား၊ ကျွဲ၊ နွားနောက်၊ ဆိတ်၊ ဝက်၊ ကြက် အစရှိသည့် မွေးမြူရေးတိရစ္ဆာန်များ၏ကောင်ရေ အတိုးအလျော့အခြေအနေများကို တိုင်းဒေသကြီး၊ ပြည်နယ်များ၏ စာရင်းဇယားများနှင့် ပြည်ထောင်စုစာရင်းချုပ်တို့တွင် တွေ့ရှိနိုင်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ငါးနှစ်လျှင်တစ်ကြိမ် ဆောင်ရွက်ရန် ရည်မှန်းချက်နှင့်အညီ လာမည့်နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဆောင်ရွက်သွားတော့မည်ဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆက်စပ်ဌာနများတွင် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။
မိမိတို့နိုင်ငံသည် မွေးမြူရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်ရန် အခြေခံကောင်းများရှိသလို ဈေးကွက်အလားအလာကောင်းများလည်း ရှိနေသည်။ သို့ရာတွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုးချဲ့လုပ်ကိုင်လာရေးတို့အတွက်လည်း ဆောင်ရွက်ရန် များစွာရှိနေသည်။ နိုင်ငံ့လူဦးရေ၏ အများစုနေထိုင်ကြသည့် ကျေးလက်ဒေသ အဓိကစီးပွားရေးတွင် စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးကိုပါ တွဲဖက်လုပ်ကိုင်ကြခြင်းအားဖြင့် အကျိုးအမြတ် မြန်ဆန်စွာဖြစ်ထွန်းခြင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများတွင် ထိခိုက်မှုနည်းပါးခြင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့မှာ အပြန်အလှန်အကျိုးပြုနိုင်ခြင်းနှင့် တောင်သူများအတွက် ဝင်ငွေအခွင့်အလမ်း ပိုမိုလာခြင်းတို့ကြောင့် တောင်သူတိုင်းမွေးမြူရေးကို အနည်းဆုံးတစ်ပိုင်တစ်နိုင် ဆောင်ရွက်သင့်သည်။
လာမည့် နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ နှစ်လတာဆောင်ရွက်မည့် နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းမှ မွေးမြူရေးကဏ္ဍ၏အခြေအနေကို အနီးစပ်ဆုံး တိကျမှန်ကန်စွာ သိရှိလာနိုင်မည်ဖြစ်ရာ အဆိုပါလုပ်ငန်းအောင်မြင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်အတူ မွေးမြူရေးလုပ်ငန်းရှင်များ၊ တောင်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရပါမည့်အကြောင်း။ ။