အမျိုးသားရေးစိတ်ဓာတ်နှင့် ရိုးရာယဉ်ကျေးမှုဟူသည် ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းသဖွယ်ဖြစ်ပြီး နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် ရှိနေကြသောအရာများလည်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများကို လေ့လာပါက တစ်နိုင်ငံတွင် လူမျိုးတစ်မျိုးတည်းသာ နေထိုင်နေကြခြင်းမဟုတ်ဘဲ ဘာသာစကား၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုစသည်တို့ မတူကွဲပြားသည့်လူမျိုးများ စုပေါင်းနေထိုင်ကြခြင်းဖြစ်သည်ကို တွေ့နိုင်သည်။ အချို့ဘာသာစကားတစ်မျိုးတည်းကိုသာ တစ်နိုင်ငံလုံးတွင် ပြောနေကြစေကာမူ ဒေသတစ်ခုနှင့်တစ်ခု၊ တစ်မြို့နှင့်တစ်မြို့ လေယူလေသိမ်း၊ အသုံးအနှုန်းစသည်တို့တွင် ကွဲပြားခြားနားတတ်ကြပြန်သည်။ ယင်းသို့ နိုင်ငံတစ်နိုင်ငံအတွင်းရှိ လူမျိုးနွယ်အလိုက်၊ ဒေသအလိုက် မတူညီမှု၊ ကွဲပြားခြားနားမှုများကို ညီညွတ်အောင်စုစည်းပေးသောအရာမှာ အမျိုးသားရေးစိတ်ဓာတ်နှင့် ရိုးရာယဉ်ကျေးမှုပင်ဖြစ်သည်။
အမျိုးသားရေးစိတ်ဓာတ်နှင့် ရိုးရာယဉ်ကျေးမှုသည် တစ်ဆက်တစ်စပ်တည်းသော ပထဝီဒေသကြီးတစ်ခုအတွင်း တစ်မြေတည်းအတူနေ၊ တစ်ရေတည်းအတူသောက်ကာ နှစ်ပရိစ္ဆေဒကြာမြင့်စွာ အတူနေထိုင်ကြရာမှ ပေါ်ပေါက်လာသည့် စိတ်ပိုင်းဆိုင်ရာခံစားချက်၊ စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်လည်းဖြစ်သည်။ ယင်းခံစားချက်သည် သာမန်အချိန်ထက် နိုင်ငံတကာနှင့် ယှဉ်သည့်အချိန်တွင် ထင်ရှားစွာပေါ်ပေါက်လာသည်။ အမျိုးသားရေးစိတ်ဓာတ်၏ စွမ်းပကားကို မှန်ကန်စွာအသုံးချခြင်းဖြင့် အရှေ့အာရှနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ကြီးပွားလာခဲ့ကြသည်ကိုလည်း အတုယူနိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် အမျိုးသားရေးစိတ်ဓာတ်ကို အစွန်းရောက်အောင်မြှင့်တင်ခြင်းအားဖြင့် လူမျိုးကြီးဝါဒ၊ လူမျိုးရေးမုန်းတီးမှုစသည့် ဆိုးကျိုးများ ရှိနေသည်ကိုလည်း သတိမူကြရန် လိုအပ်သည်။ အမျိုးသားရေးစိတ်ဓာတ်ရှင်သန် နိုးကြားနေစေရန်အတွက် မိမိတို့၏ ဝိသေသလက္ခဏာဖြစ်သော ရိုးရာယဉ်ကျေးမှုကို မပျောက်မပျက်အောင် ဖော်ထုတ်ထိန်းသိမ်းပေးနေရန် လိုအပ်သည်။ အထူးသဖြင့် ဒစ်ဂျစ်တယ်နည်းပညာ တိုးတက်ထွန်းကားမှုနှင့်အတူ အနောက်တိုင်းယဉ်ကျေးမှုများ၊ နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုများ၊ သရုပ်ပျက်ယဉ်ကျေးမှုများစသည်တို့ လျင်လျင်မြန်မြန်ပြန့်ပွားနေချိန်တွင် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများကို ဖုံးလွှမ်းပျောက်ကွယ်မသွားစေရန် ကာကွယ်ထိန်းသိမ်းကြရမည်ဖြစ်သည်။
လွန်စွာနက်နဲသိမ်မွေ့ပြီး အဆင့်အတန်းမြင့်မားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်အတူ မျိုးဆက်သစ်လူငယ်မောင်မယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးလေးစားလာကြစေရန်၊ မိမိနိုင်ငံ၊ မိမိလူမျိုး၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မြှင့်တင်လိုသည့် ဇာတိမာန်နှင့် မျိုးချစ်စိတ်များ အစဉ်ထာဝရရှင်သန်နိုးကြား ထက်မြက်နေစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပလာခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများမှာ ယခုအခါ (၂၄) ကြိမ်မြောက်အထိ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ယမန်နှစ် (၂၃) ကြိမ်မြောက်တွင် ဗဟိုအဆင့်ပြိုင်ပွဲဝင်အင်အားသည် မျှော်မှန်းထားသည်ထက် ပိုမိုများပြားစွာ (၁၈၃၈) ဦးအထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယခုနှစ် (၂၄) ကြိမ်မြောက်တွင် ပြိုင်ပွဲဝင် (၂၃၀၆) ဦး ပါဝင်ယှဉ်ပြိုင်လာခြင်းဖြစ်ရာ ယခင်နှစ်ထက် (၄၆၈) ဦး ပိုမိုပါဝင်လာခြင်းဖြစ်သည်။ ဤသည်မှာ ရိုးရာယဉ်ကျေးမှုအနုပညာကို ချစ်ခင်မြတ်နိုးကြသည့် တိုင်းရင်းသားပြည်သူလူထုအတွင်းရှိ သမ္ဘာရင့်ဝါရင့်ပညာရှင်များနှင့် မျိုးဆက်သစ်အနုပညာရှင်များ၏ စိတ်အားထက်သန်မှုကို ဖော်ပြနေခြင်းပင်ဖြစ်သည်။
ပြိုင်ပွဲကြီးပြီးဆုံးပြီးနောက် ဆုအသီးသီးဆွတ်ခူးကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြန်သွားကြမည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး မိမိတို့ဆွတ်ခူးရရှိခဲ့သည့် ဆုတံဆိပ်များနှင့်အတူ အပြန်အလှန်ချစ်ကြည်ခိုင်မြဲသည့် မေတ္တာတရား၊ တစ်သွေးတည်း တစ်သားတည်းသော ပြည်ထောင်စုစိတ်ဓာတ်တို့ကိုပါ သယ်ဆောင်ပါရှိသွားကြမည်ဟု အလေးအနက်ယုံကြည်ပါကြောင်း။ ။