မြန်မာနိုင်ငံတွင် အရေးကြီးကိစ္စပေါ်ပေါက်လာပါက ပြည်သူလူထုကို တင်ပြပြီး ပြည်သူနှင့်အတူ ပူးပေါင်း ဆောင်ရွက် ခြင်းသည် အထိရောက်ဆုံး ဖြစ်သည်ဟု ပြည်သူ့အစိုးရက ယုံကြည်ထားသည်။ ထိုယုံကြည် ချက်ဖြင့် မျက်မှောက်ကာလ၌ ဖြစ်ပွားကြုံတွေ့လာရသော အရေးကိစ္စများအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်သူသို့ ချက်ချင်းလက်ငင်းဖြေရှင်း အစီရင်ခံတင်ပြနေသည်ကို မြင်တွေ့နေရသည်။
မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်၏ ကိုဗစ်-၁၉ ဖြစ်ပွားမှု အခြေအနေနှင့် ပတ်သက် ၍ ပြည်သူများ စိုးရိမ်ပူပန်မှု မဖြစ်စေရန်နှင့် သတိတရားဖြင့် ဆင်ခြင် တုံ့ပြန် ဆောင်ရွက် နိုင်ရန်အတွက် “အများသိကြတဲ့အတိုင်းပဲ အခုစစ်တွေမှာဆိုရင် အရင်အပတ်ကစပြီး ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုဟာ အင်မတန်မှ မြန်ခဲ့ပါတယ်။ အင်မတန်မှ မြန်တဲ့အခါမှာ စိုးရိမ်ပူပန်မှုတွေလည်း တက်လာ ပါတယ်။ ဒါကို စိန်ခေါ်မှု တစ်ခုအနေနဲ့ ကြည့်စေချင်ပါတယ်။ စိန်ခေါ်မှုဆိုတာ ကြောက်စရာမဟုတ်ပါဘူး။ ကျော်လွှား ဖို့သာဖြစ်ပါတယ်။ ဒီ စိန်ခေါ်မှုကို နိုင်ငံတော်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုအနေနဲ့ ကျော်လွှား နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူသို့ အစီရင်ခံတင်ပြခဲ့သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြီးခဲ့သည့်ရက်သတ္တတစ်ပတ်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွား လာသော ကြောင့် စစ်တွေမြို့နယ်၌ နေထိုင်ကြသည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ကြောင်း ဩဂုတ်လ ၂၀ ရက်နေ့ကကြေညာခဲ့ပြီးဒေသနေပြည်သူများ အသွားအလာကို ကန့်သတ်ခဲ့ ရသည်။ ထို့အပြင် ရခိုင်ပြည်နယ်ပြင်ပသို့ ပြည်သူများ မထွက်ခွာအောင် စည်းကမ်းများသတ်မှတ်ကာ စစ်ဆေး ကြပ်မတ်မှုများပြုလုပ်ရသည်။ ထိုသို့ပြုလုပ်ခြင်းသည် စစ်တွေမြို့နယ်မှ ပြည်သူများအား ထိန်းချုပ် လို၍ မဟုတ်ဘဲ ရခိုင်ပြည်နယ်မှ ဒေသခံပြည်သူများသာမက တစ်တိုင်းပြည်လုံးရှိ ပြည်သူများအား ကာကွယ်ပေး လိုသော သဘောဖြစ်သည်။
ထိုသို့ရောဂါပိုး ပြန့်ပွားနေချိန်မှာ မိမိတို့နေရာတွင်သာ နေထိုင်ခြင်းသည် ပိုမိုလုံခြုံစိတ်ချမှုကိုဖြစ်စေသည်။ ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားရာ ဒေသတွင်သာ နေထိုင်ကြပါက ရောဂါဖြစ်ပေါ်မှုကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ပြီး စောစောစီးစီး ကုသပေးနိုင်မည့်အပြင် အခြားသို့ ရောဂါပြန့်ပွားမှုကိုလည်း တားဆီး နိုင်မည်ဖြစ် သည်။ ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံအခြေအနေနှင့် ကုသပေးနိုင်မှု အနေအထားအရ အသက် အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေ့စဉ် ထုတ်ပြန် ပေးနေသော ကိုဗစ်-၁၉ စာရင်းဇယားများမှ သေဆုံးမှုနှုန်းထားကိုကြည့်လျှင် သိနိုင်ပေမည်။
ထို့ကြောင့် စိုးရိမ်ဖွယ်ရာလည်းမလိုပေါ့ပေါ့ဆဆနေရန်လည်းသင့်မည် မဟုတ်ပေ။ ရောဂါဖြစ်ပွားသူကို စောစော စီးစီးတွေ့လေ ကုသမှုတွင် ထိရောက်မှုရှိလေဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားစဉ်ကတည်းက လူမျိုး၊ ဘာသာ၊ ဒေသမခွဲခြားဘဲ ပြည်ထောင်စုသား အားလုံးကို တစ်ပြေးညီ စေတနာထား ကူညီစောင့်ရှောက်မှုများ ပေးနေသည်ကို နေ့စဉ်မြင်တွေ့ရမည်ဖြစ်သည်။ ကျန်းမာရေး ဝန်ထမ်းများ၏ မေတ္တာစေတနာထက်သန်မှု၊ စေတနာရှင်ပြည်သူများ၏ သဒ္ဓါတရားရက်ရောမှု၊ ပြည်သူပြည်သားများ၏ ပူးပေါင်းလက်တွဲ ဆောင်ရွက်မှုများကြောင့် ကပ်ရောဂါဘေးကိုသာမက စိန်ခေါ်မှု အမျိုးမျိုးတို့ကို ကျော်လွှားနိုင်ခဲ့ပြီးဖြစ်သည်။ မည်သည့်စိန်ခေါ်မှုမျိုးအား ထပ်မံကြုံတွေ့လာသည်ဖြစ်စေ အဓိကမှာ ပြည်သူသာလျှင်ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
ယခု ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများကို သေချာစွာ လိုက်နာ ဆောင်ရွက်ခြင်းအားဖြင့် ရောဂါဘေးမှ ကင်းဝေးစေမည်ဖြစ်သလိုနိုင်ငံ၏အင်အားကို မြှင့်တင်ရာလည်း ရောက်ပေ မည်။ ယခုဖြစ်စဉ်သည် ဒုတိယကိုဗစ်လှိုင်းလည်းမဟုတ်၊ ကူးစက်မြန်ဖြစ်ပွား နေခြင်းလည်း မဆို နိုင်သေးပေ။ အားလုံးစိတ်အေးအေးထားကာ စည်းကမ်းတကျဖြင့် ကြုံတွေ့နေရသောစိန်ခေါ်မှုကို ကျော်လွှား နိုင်ရမည်ဟူသော သန္နိဋ္ဌာန်စိတ် ခိုင်ခိုင်မာမာထားကာ ရပ်တည်လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ဖြစ်ပေါ်နေသောစိန်ခေါ်မှုကို ကျော်လွှားနိုင်ရန်အတွက် စစ်တွေမြို့နယ်အနေဖြင့် အိမ်မှာသာနေ၊ တတ်နိုင်လျှင် အပြင်မထွက်၊ လူစုလူဝေးရှောင်၊ ဖြစ်နိုင်လျှင် တစ်ယောက်နှင့်တစ်ယောက် ခြောက်ပေခွာ၊ မျက်နှာ၊ ပါးစပ်၊ နှာခေါင်း အကာအကွယ်ဆောင်၊ လက်ဆေးစသည့် ကျန်းမာရေးဆိုင်ရာ အခြေခံ စည်းမျဉ်း စည်းကမ်းများကို တစ်ယောက်ချင်း၊ တစ်ယောက်ချင်းမှ အားလုံးလိုက်နာခြင်းဖြင့် လက်ငင်းကြုံတွေ့ လာမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ပါကြောင်း။ ။