Skip to main content

အပြုနှင့်အဖျက်

လမ်းတံတားများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးတို့အတွက် လွန်စွာအရေးကြီးသည်။ လမ်းများနှင့်တံတားများ ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ ခရီးသွားလာမှုနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုတို့ လွယ်ကူလျင်မြန်စေသည့်အပြင် သယ်ယူပို့ဆောင်မှုစရိတ်များလည်း လျော့နည်းစေသည်ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထုလူမှုစီးပွားဘဝမြင့်မားမှုတို့အတွက် အဓိကကျသောအထောက်အပံ့များပင်ဖြစ်သည်။

မိမိတို့နိုင်ငံအတွင်းရှိ လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာတွင် ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိလမ်းမိုင် ၂၆၆၂၃ မိုင်(ကီလိုမီတာ ၄၃၀၀၀ ခန့်) ကို အာရှအဆင့်(၃) (ASIAN CLASS III)၁၈ ပေအကျယ် ကတ္တရာလမ်း/ကွန်ကရစ်လမ်းအဆင့် ရောက်ရှိရန်နှင့် တံတားများအားလုံးကိုလည်း ၂၄ ပေအကျယ် နှစ်လမ်းသွား သံကူကွန်ကရစ်တံတား၊ ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတား၊ သံမဏိသံပေါင် တံတားများအဆင့်ရောက်ရှိရန် မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေနှင့်လည်းကောင်း၊ လုပ်ငန်းအချို့ကို နိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍လည်းကောင်း၊ အချို့ကို နိုင်ငံတကာမှ အစိုးရသို့မဟုတ် အဖွဲ့အစည်းများ၏ ချေးငွေ၊ ကူညီထောက်ပံ့ပေးမှု စသည်တို့ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

ငွေကျပ်သန်းထောင်ပေါင်းများစွာ အကုန်အကျခံ၍ နှစ်နှင့်ချီကာ တည်ဆောက်ဖောက်လုပ် အကောင်အထည်ဖော်ခဲ့ခြင်းကြောင့် ယခင်က နှစ်ညအိပ်၊ သုံးညအိပ် ခက်ခက်ခဲခဲသွားလာခဲ့ရသော လမ်းခရီးများမှာ ရာသီမရွေး၊ အချိန်အခါမရွေး လွယ်ကူချောမွေ့စွာ သွားလာနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ အချို့လမ်းမကြီးများမှာ အိမ်နီးချင်းနိုင်ငံများနှင့်နိုင်ငံတကာသို့ ဆက်သွယ်သွားလာနိုင်သည့် လမ်းမကြီးများဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကလမ်းကြောင်းကြီးများဖြစ်သည့်အပြင် ရေရှည်တွင် နိုင်ငံတကာသို့ ဆက်သွယ်သွားလာနိုင်ရန်၊ ကုန်စည်ကူးသန်းနိုင်ရန် အလားအလာကောင်းများလည်းရှိရာ နိုင်ငံအတွက်ရော၊ အဆိုပါ လမ်းမကြီးများ ဖြတ်သန်းသွားရာ တိုင်းဒေသကြီးများ၊ ပြည်နယ်များအတွက်ပါ အကျိုးဖြစ်ထွန်းစေသည်။ နိုင်ငံဆက်သွယ်လမ်းမကြီးများကို အကြောင်းပြု၍ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်စေသည့်အပြင် ကုန်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေးနှင့် လူမှုစီးပွားရေးတို့ တိုးတက်မြင့်မားစေမည်ဖြစ်သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း အကြမ်းဖက်သောင်းကျန်းသူများက ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြရာတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူအသုံးပြုသွားလာလျက်ရှိသော လမ်းများကို ကန့်လန့်ဖြတ်မြောင်းကြီးများ တူးခြင်း၊ သစ်ပင်များလှဲချ၍ တားဆီးပိတ်ဆို့ခြင်း၊ မြေကြီးများ စုပုံပိတ်ဆို့ခြင်း၊ တံတားကြီး တံတားငယ်များကို ဖောက်ခွဲဖျက်ဆီးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးတစ်လျှောက် ၁၂ နေရာတွင် ယင်းသို့ပြုလုပ်ခဲ့မှုကြောင့် ကုန်စည်စီးဆင်းသွားလာမှုတို့ ရပ်ဆိုင်းသွားခဲ့ရသည့်အပြင် ခရီးသွားလာနေသူများ၊ ဒေသခံများ အတိဒုက္ခရောက်ကြရသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည်တို့ အဘက်ဘက်မှ ထိခိုက်ဆုံးရှုံးမှုတို့ကို ခံစားခဲ့ကြရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွေး၊ ချွေးတို့ ရင်းနှီးပေးဆပ် ဆောင်ရွက်မှုကြောင့် လက်ရှိအခြေအနေတွင် ကျောက်မဲမြို့အထိ ပုံမှန်သွားလာနိုင်ပြီဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် ပုံမှန်ပြန်လည်သွားလာနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒေသခံတိုင်းရင်းသား ပြည်သူလူထုအနေဖြင့် အပြုနှင့်အဖျက်ကို ခံစားမှုဖြင့် သိရှိနားလည်ကြသည့်အလျောက် လမ်းမကြီးကိုဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ချေမှုန်းရေးစစ်ဆင်ရာတွင် ပူးပေါင်းပါဝင်လျက်ရှိသကဲ့သို့ နိုင်ငံတစ်ဝန်းရှိ ပြည်သူများကလည်း ငွေအား၊ လူအား၊ စိတ်ဓာတ်အား တို့ဖြင့် ပူးပေါင်းပါဝင်လျက်ရှိကြပါကြောင်း။ ။

မြန်မာ့အလင်း(အယ်ဒီတာ့အာဘော်)