ရန်ကုန် ဇန်နဝါရီ ၁၄
ခေတ်သစ်တွင် မြန်မာ-တရုတ်ဆက်ဆံရေး ပိုမိုနီးကပ်ရင်းနှီးအကျွမ်းတဝင် ရှိစေရေးအတွက် မျက်မှောက်ခေတ် တရုတ်နိုင်ငံနှင့် ကမ္ဘာ-မြန်မာ-တရုတ် အကြံပြုသုတေသီအဖွဲ့များ၏ ဆွေးနွေးပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်ရှိ Wyndham Grand Yangon Hotel ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။
အမှာစကားများ ပြောကြား
အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်မောင်ရှိန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားဘာသာ ပုံနှိပ်ထုတ်ဝေရေးအဖွဲ့ဥက္ကဋ္ဌ မစ္စတာ ဒူဇန်ယွန်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး မျက်နှာစုံညီအစည်းအဝေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ယူနန်လူမှုသိပ္ပံအကယ်ဒမီ၊ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး သုတေသနစင်တာ(မြန်မာ)၊ တရုတ် အလယ်ပိုင်း ဟွာဇောင်းသိပ္ပံနှင့် နည်းပညာ တက္ကသိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက အမှာစကားများ အသီးသီး ပြောကြား ကြသည်။
မျက်မှောက်ခေတ် တရုတ်နိုင်ငံနှင့် ကမ္ဘာ-မြန်မာ-တရုတ် အကြံပြု သုတေသီအဖွဲ့များ၏ ဆွေးနွေးပွဲနှင့်ပတ်သက်၍ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးသုတေသနစင်တာ (မြန်မာ) တွဲဖက်တည်ထောင်သူ ဦးကိုကိုလှိုင်က "မြန်မာ-တရုတ် နှစ်နိုင်ငံက သုတေသီအဖွဲ့တွေအချင်းချင်းတွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးရေးနဲ့ ဘယ်လိုဆက်လက်အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုကတစ်ဆင့် နှစ်နိုင်ငံ အစိုးရတွေကြားမှာ မူဝါဒချမှတ်မှုတွေ ပိုမိုအထောက်အကူပြုစေမှာဖြစ်သလို နှစ်နိုင်ငံပြည်သူချင်း နားလည်မှုတွေ ပိုမိုတိုးပွားလာမယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောသည်။
ဆွေးနွေးပွဲတွင် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်စိတ်ချမှုတိုးတက် မြင့်မားစေရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုပိုမိုနက်ရှိုင်းစေရေး၊ အတူတကွချမ်းသာကြွယ်၀ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆင်းရဲမှုလျှော့ချ ရေးဆိုင်ရာ အတွေ့အကြုံများ ဝေမျှဆောင်ရွက်ရေး၊ နှစ်ဦးနှစ်ဖက်အကျိုးရှိစေရေးအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ အစဉ်အလာ ရှိသော ချစ်ကြည်ရင်းနှီးခင်မင်မှုကို ရှေ့သို့ဆက်၍ လက်ဆင့်ကမ်းသယ်ဆောင် သွားနိုင်စေရန် ပြည်သူတို့အချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံသွားလာမှုများ ပို၍နက်ရှိုင်းလာစေရန် ဆောင်ရွက်ရေးဟူသော ခေါင်းစဉ်လေးခုအောက်တွင် နှစ်နိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ-ကိုထက်