Skip to main content

ညီညွတ်မှုဖြင့် နိုင်ငံကို ဝိုင်းဝန်းတည်ဆောက်

ကမ္ဘာပေါ်ရှိ နိုင်ငံများသည် မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရမည်၊ မိမိလူမျိုးဘဝ မြင့်မားလာရ မည်ဟူသည့် ခံယူချက်ဖြင့် မိမိနိုင်ငံကို ညီညီညွတ်ညွတ် ဝိုင်းဝန်း တည်ဆောက်ခဲ့ကြသည်။ နိုင်ငံအများစုတွင် အယူအဆ၊ ယုံကြည်ချက်၊ သဘောကွဲလွဲမှုတို့ကို အကြောင်းပြု၍ ပဋိပက္ခအမျိုးမျိုးကြုံတွေ့ခဲ့ရသည်။ အချို့ဆိုလျှင် ပဋိပက္ခများကြောင့် နိုင်ငံတစ်ခုလုံး ပြာပုံဘဝ ရောက်ရှိခဲ့ပြီးမှ စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်၍ နိုင်ငံပြန်လည် ဦးမော့လာအောင် တစ်စိတ်တစ်ဝမ်းတည်း ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည်။

စည်းလုံးညီညွတ်မှု စုပေါင်းစွမ်းအားဖြင့် နိမ့်ကျပျက်စီးခဲ့သောနိုင်ငံကို တိုးတက် ဖြစ်ထွန်းတောက်ပြောင်လာအောင် ကြိုးပမ်းအားထုတ်ခဲ့သည့်နိုင်ငံများကို အနီးပတ်ဝန်းကျင် တွင်ပင်တွေ့မြင်နိုင်သည်။ အတိတ်ကဖြစ်ခဲ့သော ဆိုးမွေများကို သင်ခန်းစာယူ၍ အနာဂတ်မျိုးဆက်များလက်ထက်တွင် ဤသို့မဖြစ်အောင် ပြည်ထောင်သားအချင်းချင်း စိတ်ဝမ်းမကွဲတော့ဘဲ စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် နိုင်ငံကိုမြင့်သထက်မြင့်အောင် ဝိုင်းဝန်းတည်ဆောက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် အတိတ်ကဖြစ်စဉ်များကို သင်ခန်းစာ မယူနိုင်သေးသည်ကို တွေ့မြင်နေ ရသည်။

နိုင်ငံတော်ကို ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်ရာ၌ အစိုးရတစ်ရပ်တည်း ဆောင်ရွက်နေ၍ ရည်မှန်းချက်ပန်းတိုင်သို့ ဆောလျင်စွာရောက်ရှိမည် မဟုတ်ပေ။ အစိုးရနှင့်အတူ ပြည်သူများက ဆိုင်ရာကဏ္ဍများမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြပါမှ ရည်မှန်းချက်သို့ အလျင်အမြန်ရောက်ရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီ ကတည်းက ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများမှာ ယနေ့ထက်တိုင်အောင် ဖြစ်ပွားနေဆဲဖြစ်သည်။ ပဋိပက္ခများကြောင့် တိုင်းပြည်မှာ ရှေ့မတက်နိုင်ဘဲ နောက်ကျကျန်နေရသည်။ ဤသို့ ပဋိပက္ခများနှင့်ဆက်သွားနေလျှင် တိုင်းပြည်ကို မည်သူတာဝန်ယူသည်ဖြစ်စေ အဆိုးသံသရာ တွင်သာ လည်နေမည်ဖြစ်သည်။

ထို့ကြောင့် တိုင်းပြည်အတွက် အားလုံးစည်းလုံးညီညွတ်ကြရမည်ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခများကြောင့် သေကျေဒဏ်ရာရ ပျက်စီးဆုံးရှုံးမှုများသည် မိမိတို့ တိုင်းရင်းသား အချင်းချင်းပင်ဖြစ်၍ ဝမ်းမြောက်စရာအကြောင်းမရှိပေ။ ဝမ်းနည်း စိတ်မကောင်းစရာများ ပင်ဖြစ်သည်။ ယင်းကိုမစားရဝခမန်း ဝမ်းမြောက်နေကြသူများ၊ မဟုတ်မမှန် လုပ်ကြံသတင်းများဖြင့် မပျက်စီး ပျက်စီးအောင် အားထုတ်နေသူများသည် တိုင်းပြည်ကို ဖျက်ဆီးနေသည့် အမျိုးသားသစ္စာဖောက်များပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ အဆုံးမသတ်နိုင်သည့် အကြောင်း ရင်းများတွင် သမိုင်းကြောင်းတစ်လျှောက်၌ ပြည်ပမှ နှောင့်ယှက်မှုအမျိုးမျိုးကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အနောက်နယ်ချဲ့တို့၏ ကိုလိုနီပြုမှုကြောင့် ကျွန်ဘဝရောက်ခဲ့ပြီးဖြစ်သည်။ မြန်မာမျိုးချစ်များက ကျွန်ဘဝမှလွတ်မြောက်အောင် အသက်သွေးချွေးပေးဆပ်ပြီး လွတ်လပ်ရေးအရယူခဲ့သည်။ လွတ်လပ်ရေးရရှိပြီးသော်လည်း အဆိုပါ အနောက်နယ်ချဲ့များက တိုင်းပြည်ပျက်စီးအောင် ဆက်လက် လုပ်ဆောင်လျက်ရှိသည်။ ပြည်ပတွင် အခြေချနေထိုင်သည့် မြန်မာနိုင်ငံဖွား တိုင်းဖျက် ပြည်ဖျက်ဆန့်ကျင်ရေးသမားများ၊ အနောက်နိုင်ငံ လက်ဝေခံပြည်ဖျက်မီဒီယာများက ပုံကြီးချဲ့ကား၊ ကောလာဟလသွေးထိုးလှုံ့ဆော် မြှောက်ပင့်ပေးမှုများဖြင့် တိုင်းပြည်ပျက်စီးအောင် လုပ်ဆောင်လျက်ရှိသည်။

နွားကွဲလျှင် ကျားဆွဲပြီး ပျက်စီးရသကဲ့သို့ မြန်မာလူမျိုးအချင်းချင်း စည်းလုံး ညီညွတ်မှုမရှိသရွေ့ ပြည်ပမှ သွေးခွဲပြီး နိုင်ငံသားအချင်းချင်း ပျက်စီးအောင် လုပ်ဆောင်မှုများရှိနေမည်ဖြစ်သည်။ စည်းလုံးညီညွတ်မှုမရှိသဖြင့် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆုံးရှုံးပျက်စီးမှုများ၊ ဖွံ့ဖြိုးမှုနောက်ကျခဲ့ရမှုများကို ခံစားကြရသည်မှာ မြန်မာနိုင်ငံသားများ ပင်ဖြစ်သည်ကို သေချာစွာ ရှုမြင်ဆင်ခြင်ပြီး အချင်းချင်းစိတ်ဝမ်းမကွဲပြားဘဲ စည်းလုံးညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်၍ မိမိနိုင်ငံအကျိုးစီးပွားကို ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရန် အချိန်ကျရောက်နေပြီဖြစ်သည်။

မြန်မာနိုင်ငံကို ဖျက်ဆီးနေကြသူများသည် လူတစ်စု၊ တစ်ဖွဲ့သာဖြစ်သည်။ ဖျက်ဆီးခံနေရ သူများသည် နိုင်ငံသားအများစုဖြစ်သည်ကို သတိမူရမည်ဖြစ်သည်။ အဓိကမှာ တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်မှုသာဖြစ်ပြီး ပြည်သူများ တွေဝေဝေဝါး စည်းလုံးညီညွတ်မှုပျက်ပြားအောင် လုပ်ဆောင်နေသည့် ကောလာဟလသတင်းများ၊ မဟုတ်မမှန်သတင်းများ၊ လုပ်ကြံဖန်တီးသတင်းများကို သတိပြု ရမည်ဖြစ်သည်။ ပြည်သူများ တွေဝေဝေဝါး ညီညွတ်မှုပျက်ပြားနေပါက အဆိုး သံသရာ ဆက်လက်ရှည်ကြာပြီး တိုင်းပြည်ကို ကောင်းသထက်ကောင်းလာအောင် လုပ်ဆောင်နိုင်မှုလျော့ပါးကာ တိုင်းပြည်နှင့်လူထု နစ်နာဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပေါ်နေမည်ကို သတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုရှိနေသရွေ့ မညီညွတ်မှုများနှင့် ပဋိပက္ခများလည်း ရှိနေမည်ဖြစ်ရာ အဓိကမှာ တိုင်းရင်းသားပြည်သူများအနေဖြင့် မိမိနိုင်ငံကို အပျက်စီးမခံလိုသည့် နိုင်ငံချစ်စိတ်ဖြင့် စည်းလုံးညီညွတ်မှုကို ခိုင်မာအောင် တည်ဆောက်ထားကြရမည်ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေမည့် ဖျက်ဆီးနှောင့်ယှက်မှု များကိုဖယ်ရှား၍ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။  ။

ကြေးမုံ(အယ်ဒီတာ့အာဘော်)