နေပြည်တော် ဒီဇင်ဘာ ၁
ပြည်တွင်းသုံးစွဲရန် စက်သုံးဆီလိုအပ်ချက်အား ပြည်ပမှဝယ်ယူတင်သွင်းရာတွင် နိုင်ငံတော်အနေဖြင့် လိုအပ်သော ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့်လက်ရှိ ပြည်တွင်းစက်သုံးဆီရောင်းဈေးနှုန်းများသည် အာဆီယံဒေသတွင်းနိုင်ငံများထက်များစွာ လျော့နည်းသက်သာလျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။
နိုင်ငံတွင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ ပိုမိုမှန်ကန်မြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ တွင်းထွက်တူးဖော်ရေး လုပ်ငန်းများနှင့်ရေလုပ်ငန်းများတွင် အဓိကသုံးစွဲသောဒီဇယ်ဆီကို လုံလုံလောက်လောက် ဈေးနှုန်း သက်သာစွာဖြင့် သုံးစွဲနိုင်ရန် နိုင်ငံတော်အနေဖြင့် ပိုမိုအလေးထား ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
စက်သုံးဆီဈေးနှုန်းသည် အဓိကအားဖြင့် ကမ္ဘာ့ရေနံဈေးနှုန်း၊ အဓိကဝယ်ယူတင်သွင်းသည့် စင်ကာပူနိုင်ငံမှထုတ်ပြန်သော MOPS ဈေးနှုန်းနှင့် ပြည်တွင်းနိုင်ငံခြားငွေ လဲလှယ်နှုန်းတို့အပေါ် မူတည်၍ အတက်/အကျဖြစ်ပေါ်လေ့ရှိသည်။
သီလဝါဆိပ်ကမ်းဒေသကြီးတွင် ပြည်ပမှစက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် ဆိုက်ကပ်လျက်ရှိပြီး သက်ဆိုင်ရာသိုလှောင်ကန်စခန်းများမှတစ်ဆင့် နိုင်ငံတစ်ဝန်းသို့ စက်သုံးဆီများ လိုအပ်သလို ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
