ပုသိမ် ဇန်နဝါရီ ၁၅
၂၀၂၀ ပြည့်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆) မြို့နယ် ရိုးရာခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်မြို့၊ ကိုးသိန်းအားကစားရုံ၌ ယမန်နေ့နံနက် (၉)နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးလှမိုးအောင်က “ခြင်းလုံးအားကစားနည်းသည် အသင်းလိုက် စည်းလုံးညီညွတ်စွာ ပြိုင်ပွဲဝင်ရသည့် အားကစားနည်းဖြစ်ပြီး “အပေးအယူ ချစ်ကြည်ဖြူခြင်းမူဇာဂ မျှစိတ္တ” ဆိုသည့် ခြင်းလုံးအားကစားနည်းဆောင်ပုဒ်အတိုင်း အထောက်၊ အပင့်၊ အမြှောက်ကို တစ်ဦးအကြိုက်တစ်ဦးကသိမှသာ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိမည် ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အသင်းများအနေဖြင့် မိမိတို့အသင်း၏ ချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုများကို ပြသပြီး အောင်မြင်မှု ရရှိအောင် ကြိုးစားကြရန်၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲများတွင် တံခွန်စိုက်ဒိုင်း (၃)နှစ် ဆက်တိုက်ရရှိဖူးသည့် အစဉ်အလာကောင်းကို မိမိတို့ လက်ထက်တွင်လည်း ပြန်လည်ရရှိအောင် စွမ်းဆောင်ကြရန်၊ ရိုးရာအားကစားနည်းများကိုလည်း မပျောက်ပျက်အောင် ဆက်လက် ထိန်းသိမ်းကြရန်” ပြောကြားပြီး ရိုးရာခြင်းပြိုင်ပွဲ အား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရိုးရာခြင်း သရုပ်ပြကစားမှုများကို ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ခဲ့ပြီး ပုသိမ်မြို့နယ် အသင်းနှင့် ကျုံပျော်မြို့နယ်အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
တိုးဝေဇင်