Skip to main content

တိုင်းဒေသကြီးဝန်ကြီးချုပ် မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည့် မကွေး FC ကွင်းသို့ ကွင်းဆင်း ကြည့်ရှု

မကွေး ဇန်နဝါရီ ၁၅

၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာ နိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်နှင့် ပြည်သူလူထု၏ ပူးပေါင်းအင်အားဖြင့် ကျင်းပမည့် ပထမ အကြိမ် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားဖိတ်ခေါ်ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ မကွေးမြို့ အစိုးရစက်မှုလက်မှုသိပ္ပံလမ်းရှိ မကွေး FC ကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မြင်းစီးအားကစား ပြိုင်ပွဲ ကျင်းပမည့် မကွေး FC ကွင်းသို့ ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင်းစီးအားကစားပြိုင်ပွဲကျင်းပမည့် မကွေး FC ကွင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်အား မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မြန်မာနိုင်ငံမြင်းစီးအားကစား အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် မကွေးတိုင်းမြင်းစီးအသင်း ဥက္ကဋ္ဌတို့က မြင်းပြိုင်ကွင်းလုပ်ငန်းများနှင့် မြင်းပြိုင်ပွဲ ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်း ဆောင်ရွက် ထားရှိမှုများအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ပထမအကြိမ်ပြိုင်ပွဲကျင်းပမည့် မကွေး FC ကွင်းအတွင်း မြင်းပြိုင်ကွင်း၊ မြင်းပြေးလမ်း ပြင်ဆင်မှုများအား မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မြန်မာနိုင်ငံ မြင်းစီး အားကစား အဖွဲ့ချုပ် မှ တာဝန်ရှိသူများ၊ မကွေးတိုင်းမြင်းစီးအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အသင်းဝင်များက ဝိုင်းဝန်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါပြိုင်ပွဲတွင် ဒုန်းအကြီးတန်း၊ ဒုန်းအလတ်တန်း၊ ဒုန်းအငယ်တန်း၊ အသားကျစီးပြိုင်ပွဲများနှင့် မြင်းစီးစွမ်းရည်သရုပ်ပြပွဲ၊ အလှပြပွဲ ပွဲစဉ်များ ပါဝင် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)