နေပြည်တော် ဒီဇင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်သို့ ရောက်ရှိကြပြီး မန်ဆူရှမ်းကျောင်း တိုက်ဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပုညနန္ဒအား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီးထံသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံစံတူ ရုပ်ပွားတော်မြတ်များ၊ လှူဖွယ်ပစ္စည်းများ၊ လားရှိုးမြို့တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊ ဆန်နှင့် စားသောက်ဖွယ်ရာပစ္စည်းများကို လှူဒါန်းရာ မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်ကြီးက အမှန်တကယ် လိုအပ်လျက်ရှိသည့် နေရပ်စွန့်ခွာသူများအားလုံးရရှိစေရေး ခွဲဝေပေးသွားမည့်အခြေအနေများကို ပြန်လည်မိန့်ကြားသည်။
အားပေးစကားပြောကြား
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ၎င်းတို့၏နေရပ်များတွင် အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသများသို့ ပြန်လည်ရောက်ရှိချိန်တွင်လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အစိုးရနှင့် တပ်မတော်မှ လိုအပ်သည်များကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် လိုအပ်သည့် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ထပ်မံ၍လည်း ပေးပို့ပေးမည်ဖြစ်ကြောင်း၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးရရှိရေးကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းဖြင့် အားပေးစကားပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စားသောက်ဖွယ်ရာပစ္စည်းများ၊ အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများက လက်ခံရယူကြပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်မှ ပြန်လည်ထွက်ခွာကြရာ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများက လက်ဝှေ့ယမ်းပြနှုတ်ဆက်ခဲ့ကြသည်။
ချီးမြှင့်ငွေကျပ်သိန်း ၅၀၀၀ ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိကြပြီး တိုင်းစစ်ဌာနချုပ် ဧည့်ခန်းမဆောင်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တိုင်းစစ်ဌာန ချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအတွက် ချီးမြှင့်ငွေကျပ်သိန်း ၅၀၀၀ ကို ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ မိသားစုဝင်များက လက်ခံရယူကြသည်။
ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အောက်တိုဘာ ၂၇ ရက်မှစ၍ MNDAA၊ TNLA၊ AA အဖွဲ့တို့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အချို့သော ကျေးရွာများ၊ မြို့များ၊ လမ်း၊ တံတားများ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူလူထုတို့အနေဖြင့် ၎င်းတို့၏နေရပ်မှ တိမ်းရှောင်စွန့်ခွာ၍ လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ရုံး၊ အဆောက်အဦများ၌ ယာယီ တည်းခိုနေထိုင်ရလျက်ရှိရာ လက်ရှိအချိန်အထိ အိမ်ထောင်စု ၁၄၂၈ စုမှ လူဦးရေ ၄၉၂၂ ဦးခန့် ရောက်ရှိတည်းခိုနေထိုင်ရလျက်ရှိကြောင်း သိရှိရပြီး ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ၏ စားဝတ်နေရေးနှင့် အုပ်ချုပ်မှုကိစ္စရပ်များ အဆင်ပြေစေရန် အစိုးရ၊ တပ်မတော်တို့မှ ဦးဆောင်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏နေရပ်များတွင် အေးချမ်းစွာဖြင့် အမြန်ဆုံးပြန်လည်နေထိုင်နိုင်ရေး နယ်မြေဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို နေ့ညမပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ ကြုံတွေ့ခဲ့ရမှုများနှင့် ယခုကဲ့သို့ လိုအပ်သည်များ လာရောက်ထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်စကားများကို ယခုကဲ့သို့ ကြားသိရပါသည်-
ကျွန်မတို့က အခုအချိန်မှာ မန်ဆူဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေရတဲ့အတွက်ကြောင့် ကျွန်မတို့မှာ ဒုက္ခအများကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မသမာသူတွေကြောင့် ကျွန်မတို့မှာ အိမ်တွေအိုးတွေ ပျက်စီးခဲ့ရတဲ့အတွက်ကြောင့် ကျွန်မတို့မှာ ဒုက္ခအများကြီးရောက်တာကို မန်ဆူဆရာတော်ဘုရားကြီးကနေ ကူညီမစတဲ့အတွက်ကြောင့် ကျွန်မတို့မှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေရပါတယ်။ အခုလို ကျွန်မတို့ကို အိုးပျက်အိမ်ပျက်ဖျက်ဆီးတဲ့ မသမာသူလူတစ်စုကိုလည်း ရှုတ်ချပါတယ်။ အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီး လာတဲ့အတွက် ကျွန်မတို့မှာ ပိုပြီးဝမ်းသာရပါတယ်။ သူအခုလို ကျွန်မတို့ဆီကို လာပေးတာကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း ဒီလိုဘဝမျိုးမတွေ့အောင် ကျွန်မတို့ အမြဲတမ်း ဆုတောင်းနေပါမယ်။
ကျွန်မတို့ ဒီလိုဘဝမျိုးတစ်ခါမှ မကြုံခဲ့ဖူးပါဘူး။ အခုလိုအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်က ဦးစီးအဖွဲ့အစည်းတွေက ကျွန်မတို့ကို အခုလိုမျိုး ကူညီပံ့ပိုးလို့ အခုလိုမျိုး မန်ဆူဘုန်းကြီးကျောင်းမှာ နေခဲ့ရပါတယ်။ နောက်ကိုလည်း ဒီလိုမျိုးမဖြစ်အောင်လို့ ကျွန်မတို့ အမြဲတမ်းဆုတောင်းနေပါတယ်။ ဒီလိုမျိုးတိုက်ခိုက်တဲ့ အဖွဲ့အစည်းတွေလည်း မရှိပါစေနဲ့၊ ကျွန်မတို့လို အိုးပစ်အိမ်ပစ်တွေ၊ သားသမီးပစ်တွေ နဲ့လည်း ပစ်ထားခဲ့ရပါတယ်။ ကျွန်မတို့မှာ စီးပွားရေးတွေအကုန်လုံးလည်း ပျက်စီးခဲ့ရပါတယ်။ အဲဒီတော့ ဒီလိုမျိုးဖျက်ဆီးယိုယွင်းတဲ့သူတွေကိုလည်း ဘယ်လိုမှ ထောက်ခံလို့မရပါဘူး။
မိသားစုတွေ အိုးမဲ့အိမ်မဲ့လိုဖြစ်နေပြီးတော့မှ မန်ဆူကြေးဘုရားဘုန်းကြီးကျောင်းမှာ ရောက်ခဲ့ရပါတယ်။ အဲဒီကနေပြီးတော့ နိုင်ငံတော်ဝန်ကြီးချုပ် လာပြီးတော့မှ အစစအရာရာပြည့်စုံအောင် လုပ်ပေးပါတယ်။ မိသားစုတွေအကုန်လုံး အဆင်ပြေအောင်လုပ်ပေးမယ်လို့လည်း သူလုပ်ပေးမယ်လို့လည်း အကုန်လုံးက အာမခံပေးသွားပါတယ်။ ကျွန်တော်တို့အကုန်လုံး အစစအရာရာလည်း ဝေယျာဝစ္စအကုန်လုံး ပြည့်စုံအောင်လုပ်ပေးသွားပါတယ်။ အကုန်လုံးလာလှူတဲ့အတွက်ရော ကျွန်တော်တို့ပြည်သူလူထုကို စောင့်ရှောက်ပေးတဲ့အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
ဒီကနေ့ကျွန်တော်တို့ အိမ်နေလူတွေ ဒီကို တည်းခိုပြီးတော့ စစ်ဘေးရှောင်လာတာ နိုင်ငံတော်အကြီးအကဲတွေ၊ ဒီကတာဝန်ရှိတဲ့ လားရှိုးမြို့ကုန်းမှာ လူကြီးမိဘတွေလာပြီးတော့ ကျွန်တော်တို့ကို ကူညီပေးတာတော့ အများကြီးကို ကျေးဇူးတင်ပါတယ်။
သတင်းစဉ်