Skip to main content

တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ် နှစ်နိုင်ငံပညာရှင်များ ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၅

တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ပညာ ရှင်များ၏ “Think Tank Scholars Summit on Myanmar – China Relations in the New Era” ခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ(ရန်ကုန်)ရှိ မြန်မာရေးရာအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်တက္ကသိုလ် မြန်မာလေ့လာရေးဌာန (Institute of Myanmar Studies - IMS) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ယူနန် တက္ကသိုလ်မှ ပညာရှင် ၁၃ ဦးနှင့် မြန်မာနိုင်ငံမှ ပညာရှင် ၁၇ ဦးတို့က မြန်မာ - တရုတ် ဆက်ဆံရေး တိုးတက် လာခြင်း အနာဂတ်ကောင်းကျိုးများကို အပိုင်း ၄ ပိုင်းခွဲ၍ ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် မြန်မာ့ရေးရာအဖွဲ့မှ ဦးအေးမောင်ကျော်၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကော်မတီ အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်နှင့် ယူနန်တက္ကသိုလ် ပါမောက္ခချုပ် မစ္စတာလီချန်ယန်တို့က တရုတ် - မြန်မာ ကောင်းမွန်သော အနာဂတ် တည်ဆောက်ရေးအတွက် နှစ်နိုင်ငံ အခြေခံလိုအပ်ချက်များနှင့် အဓိက မောင်းနှင် အားများနှင့် စပ်လျဉ်းပြီး အမှာစကား ပြောကြားကြသည်။

ထို့နောက် ဆွေးနွေးပွဲ ပထမအပိုင်းကို ကျင်းပရာ တရုတ် - မြန်မာ စီးပွားရေးစင်္ကြံအကြောင်း ခေါင်းစဉ်ဖြင့် ဦးရဲမြင့်ကျော်၊ တရုတ် - မြန်မာဆက်ဆံရေးတံတား တည်ဆောက်ရေး ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၊ ပိုးလမ်းမနှင့် ရပ်ဝန်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ ခေါင်းစဉ်ဖြင့် တရုတ်ပညာရှင် Dr. ZHAI Kum ၊ နယ်ခြားဒေသ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအကြောင်း ခေါင်းစဉ်ဖြင့် ဦးအေးလွင်၊ ပိုးလမ်းမအသစ် သက်ရောက်မှု၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၊ လွှမ်းမိုးမှုနှင့် ကောင်းကျိုးအကြောင်း ခေါင်းစဉ်ဖြင့် တရုတ်ပညာရှင် Mr. CHEN Xiangqiu တို့က ဆွေးနွေးပြောကြားကြပြီး သက်ဆိုင်ရာ ပညာရှင်များက မြန်မာ - တရုတ် စီမံကိန်းများ၊ ပိုးလမ်းမနှင့် ရပ်ဝန်းအပေါ် ကမ္ဘာ၏ အမြင်သစ်၊ တရုတ်နယ်ခြား စီးပွားရေးစင်္ကြံနှင့် အာဆီယံနိုင်ငံများအကြောင်းကို ဆွေးနွေးကြသည်။

ဒုတိယပိုင်းဆွေးနွေးပွဲတွင် တရုတ် - မြန်မာ အနာဂတ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု (Myanmar–China Relations from Comprehensive Strategic Partnership for Cooperation to the Community of Shared Futures) ခေါင်းစဉ်ဖြင့် Dr. Li Chenyang က နှစ်(၇၀)မြောက် တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး အောင်မြင်မှုနှင့် အတွေ့အကြုံများကိုလည်းကောင်း၊ မုံရွာအောင်ရှင်က တရုတ် - မြန်မာ မီဒီယာဆက်ဆံရေးကိုလည်းကောင်း၊ Dr. FAN Hongwei က ပြောင်းလဲလာသော တရုတ် - မြန်မာ ဆက်ဆံရေး အကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က မြန်မာ့ ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကိုလည်းကောင်း၊ အခြားပညာရှင်များက တရုတ် - မြန်မာ ပူးပေါင်း ဆောင်ရွက်မှု၏ ပွင့်လင်းမြင်သာမှုများ၊ နှစ်(၇၀) တရုတ် - မြန်မာ ဆက်ဆံရေးသုံးသပ်ချက်နှင့် ဖွံ့ဖြိုးတိုး တက်မှုများကို အသီးသီး ဆွေးနွေးကြသည်။

တတိယပိုင်းဆွေးနွေးပွဲတွင် တရုတ် - မြန်မာ ပညာရေးဖလှယ်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စတုတ္ထ ပိုင်းဆွေးနွေးပွဲတွင် ကမ္ဘာ့နှင့် ဒေသတွင်း စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း ပညာရှင် များက ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်ပညာရှင်များက တရုတ် - မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မူဘောင် များ၊ ရေရှည်ဖွံ့ဖြိုးရေးဆိုင်ရာ စီမံချက်များ၊ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးမှုလုပ်ငန်းများအကြောင်းကို ဆွေးနွေး ကြသည်။

အဆိုပါ ဆွေးနွေးပွဲများမှတစ်ဆင့် တရုတ် - မြန်မာ နှစ်နိုင်ငံအစိုးရများနှင့် ပြည်သူများကြား ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေး ပိုမိုမြင့်မားခိုင်မြဲစေရေး၊ နှစ်နိုင်ငံ မဟာဗျူဟာမိတ်ဖက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ရေးနှင့် တရုတ် - မြန်မာ အနာဂတ်အကျိုး မျှဝေခံစားသည့် လူ့အဖွဲ့အစည်းဖြစ်ထွန်းရေး အခြေခံ အုတ်မြစ်ခိုင်မာစွာ ချမှတ်နိုင်ရေးတို့ကို သဘောတူညီခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲများကို ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရေးရာအဖွဲ့သည် ယူနန်တက္ကသိုလ် မြန်မာ့ လေ့လာရေးဌာနနှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ်တွင် နှစ်ကြိမ်ကျင်းပခဲ့ပြီး ယခုဆွေးနွေးပွဲမှာ မြန်မာ - တရုတ် သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ်(၇၀)ပြည့်အဖြစ် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေး ခေတ်သစ်ကို ဖွင့်လှစ်သည့် အထိမ်းအမှတ်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို အဓိက မောင်းနှင် ပေးသည့် ပညာရေးအဖွဲ့အစည်းများနှင့် ပညာရှင်များအကြား ဖလှယ်မှု၊ မိတ်သဟာဖြစ်မှုအနေဖြင့် ယခုဆွေး နွေးပွဲကို ကျင်းပခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ ပေကျင်း၊ ရှာမန်၊ ကျီနန်၊ ယူနန်တက္ကသိုလ်နှင့် တရုတ်နိုင်ငံတကာစီးပွားကုန်သွယ်ရေး ပူးပေါင်း ဌာနတို့မှ ပညာရှင်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘက်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ့ငြိမ်း ချမ်းရေးနှင့် ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီနှင့် ဗဟို စီးပွားရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ Center for Economy, Environment and Society - CEES Myanmar ၊ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၊ နိုင်ငံတကာဆက်ဆံရေးဌာနနှင့် ရတနာပုံတက္ကသိုလ်တို့မှ ပါမောက္ခ များ၊ မြန်မာရေးရာလေ့လာရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ(ရန်ကုန်)ရှိ မြန်မာရေးရာလေ့လာရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတွင် သုတေသနလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေး၊ သုတေသန အခြေခံ စာစောင်များ ထုတ်ဝေနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။

ယူနန်တက္ကသိုလ် မြန်မာလေ့လာရေးဌာနကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မြန်မာ့ရေးရာ လေ့လာရေးစင်တာအဖြစ် တည်ထောင်ခဲ့ရာ ၁၉၈၆ ခုနှစ် အမေရိကန် Northern Illinois University ၌ တည်ထောင်ခဲ့သော မြန်မာ့ရေးရာ လေ့လာရေးစင်တာပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အတတ်ပညာဆိုင်ရာ မြန်မာ့အရေးလေ့လာရေး အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံ၌ တစ်ခုတည်းသော လက်တွေ့ မြန်မာ့ရေးရာလေ့လာရေး အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်