ရန်ကုန် ဇန်နဝါရီ ၁၅
လမ်းမကြီးထက် ဒို့ချီတက် မှတ်တမ်းရုပ်သံဇာတ်လမ်း ထုတ်လွှင့်ခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ Rosewood Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး ဥက္ကဋ္ဌ Mr. Xu Lin နှင့် Rosewood Hotel ဧည့်ခန်းမ၌ တွေ့ဆုံပြီး နှစ်နိုင်ငံ ပြန်ကြားရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး ဥက္ကဋ္ဌ တို့သည် “လမ်းမကြီးထက် ဒို့ချီတက်” မှတ်တမ်းရုပ်သံဇာတ်လမ်း ထုတ်လွှင့်ခြင်း မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ရာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပန်းမုဒြာအဖွဲ့မှ ကျောင်းသူလေးများက မြန်မာ့ယဉ်ကျေးမှု “ပုဂံခေတ်အက” နှင့် “ပခမ်းအက” တို့ဖြင့် ကပြဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူး Mr. Yang Shou Zheng က အဖွင့်အမှာစကားပြောကြားပြီး ရွှေသံလွင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ China Media Group အာရှ၊ အာဖရိကစင်တာ ညွှန်ကြားရေးမှူးချုပ် Mr. An Xiaoyu က အမှာစကားပြောကြားပြီး “လမ်းမကြီးထက် ဒို့ချီတက်” မှတ်တမ်းရုပ်သံဇာတ်လမ်းကို နမူနာပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့် တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး ဥက္ကဋ္ဌ Mr. Xu Lin တို့သည် မင်္ဂလာမောင်းတီး၍ “လမ်းမကြီးထက် ဒို့ချီတက်” မှတ်တမ်းရုပ်သံဇာတ်လမ်း စတင်ထုတ်လွှင့်ကြောင်း ကြေညာပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
“လမ်းမကြီးထက် ဒို့ချီတက်” မြန်မာဘာသာ နောက်ခံစကားပြော မှတ်တမ်းရုပ်သံကို China Media Group က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ပိုင်းလျှင် မိနစ် ၃၀ ကြာမြင့်ကာ စုစုပေါင်း ၂၄ ပိုင်းပါဝင်သည့် မှတ်တမ်းရုပ်သံအစီအစဉ်ဖြစ်သည်။ အဆိုပါ မှတ်တမ်းရုပ်သံအစီအစဉ်ကို ယနေ့မှစ၍ Sky Net Knowledge ရုပ်သံလိုင်းတွင် နေ့စဉ် ည ၇ နာရီမှစတင် ထုတ်လွှင့်ပြသသွားမည် ဖြစ်သည်။
ထိုမှတ်တမ်းရုပ်သံကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတ မစ္စတာရှီ ကျင့်ဖျင်၏ ခေတ်သစ်တရုတ်ဝိသေသ လက္ခဏာဆောင်သော ဆိုရှယ်လစ်စနစ် အတွေးအခေါ်ဖြင့် အစပျိုးထားပြီး တန်ဖိုးရှိသည့် သမိုင်းမှတ်တမ်းရုပ်ပြနှင့် အချက်အလက် အမြောက်အများကို သုံးကာ နှစ် ၇၀ ကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီ အကြီးအကဲ အဆက်ဆက် တရုတ်ပြည်သူများကို ဦးဆောင်ကာ ဆိုရှယ်လစ်စနစ်ဖြစ်အောင် တော်လှန်ရေး တည်ဆောက်ခြင်းနှင့် ပြုပြင်ပြောင်းလဲခြင်းတို့တွင်ရရှိခဲ့သည့် ကြီးမားပြောင်မြောက်သည့် ရလဒ်များနှင့် အဖိုးတန် အတွေ့အကြုံများကို ဖော်ပြထားခြင်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ကာလတစ်လျှောက် လမ်းသစ်ထွင်ရာတွင် ကြုံဆုံခဲ့သည့် စိတ်လှုပ်ရှားဖွယ်ဖြစ်ရပ်များနှင့် အရေးကြီးသည့် သမိုင်းဝင်အခမ်းအနားများကို မှတ်တမ်းတင်ထားကာ တရုတ်ပြည်သူ ထောင်ပေါင်းများစွာတို့၏ နေ့စဉ် လူနေမှုဘဝပြောင်းလဲမှုများကိုလည်း ဖော်ပြထားသည်။
သတင်း - ရီရီမြင့်
ဓာတ်ပုံ - လှမိုး၊ ဇော်မင်းလတ်