Skip to main content

မုသားဝါဒဖြန့်မှုများ အသိတရားဖြင့်ဖယ်ရှား

စစ်အေးခေတ်လွန်ကာလတွင် အင်အားကြီးနိုင်ငံများသည် ဝါဒမတူသည့် နိုင်ငံများအား ဝင်ရောက်စွက်ဖက် ထိန်းချုပ်ခြယ်လှယ်နိုင်ရန် သို့မဟုတ် ဩဇာလွှမ်းမိုးနိုင်ရန် သို့မဟုတ် ၎င်းတို့အလိုကျ အစိုးရတစ်ရပ်ဖြစ်ရန် သို့မဟုတ် နိုင်ငံမတည်မငြိမ်ဖြစ်ပြီး ပြိုကွဲပျက်စီးစေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သံတမန်ရေး နယ်ပယ်တို့တွင်သာမက ပြည်သူများအပေါ် လွှမ်းမိုးနိုင်သည့် မီဒီယာများကိုပါ အသုံးချလာကြသည်ကို တွေ့ရမည်ဖြစ်သည်။

ကိုလိုနီလက်သစ်၊ လက်ဟောင်းနိုင်ငံကြီးများသည် ရှည်လျားသည့် သမိုင်းကြောင်းတစ်လျှောက်တွင် အထူးသဖြင့် နိုင်ငံရေး၊ စစ်ရေးကဏ္ဍများ၌ မီဒီယာများကို အသုံးချပြီး ဝါဒဖြန့်စစ်ဆင်ရေးများ ပြုလုပ်ကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မျက်မှောက်ကာလတွင်လည်း နိုင်ငံများ၏  ပြည်တွင်းရေးတွင် မီဒီယာများကို အသုံးချပြီး တစ်ဖက်သတ်ပုံကြီးချဲ့ကား သတင်းမှားများဖြင့် ပြည်သူများ အထင်အမြင်လွဲမှားအောင်၊ ထင်ယောင်ထင်မှားဖြစ်အောင် တစိုက်မတ်မတ် ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အစောပိုင်းကာလများကတည်းက ပြည်ပအခြေစိုက်မီဒီယာများကို ထောက်ပံ့ကူညီပေးခြင်း၊ ပြည်တွင်းအခြေစိုက်မီဒီယာများကို စည်းရုံးဆွဲဆောင်ပံ့ပိုးကူညီပေးပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့ အကြောင်းပြ၍ စာနယ်ဇင်းကျင့်ဝတ်များကို မလိုက်နာဘဲ  ဘက်လိုက်ရေးသားနိုင်အောင် ဖန်တီးဖော်ဆောင်ပေးခဲ့ကြသည်။ လိုရင်းအချက်မှာ တိုင်းပြည်ပြိုကွဲပျက်စီးရေး ဖြစ်သည်။ မျက်မှောက်ကာလတွင် ပြည်ပအခြေစိုက်မီဒီယာများက တိုင်းပြည်ပျက်စီးရေးကို ဦးတည်ထားပြီး ပြည်သူများ အထင်အမြင်လွဲမှားအောင် မဟုတ်မမှန်သတင်းများကို နေ့စဉ်နှင့်အမျှ အဆက်မပြတ် ထုတ်လွှင့်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ တစ်လတည်းမှာပင် ပြည်ပနိုင်ငံကြီးများ အထောက်အပံ့ခံ ဒေါ်လာစား  ပြည်တွင်း/ ပြည်ပမီဒီယာအချို့က သတင်းတု၊ သတင်းမှားများ လုပ်ကြံရေးသားခြင်းနှင့် ဖြစ်စဉ်ဖြစ်ပွားသော်လည်း အမှန်အတိုင်း မရေးသားဘဲ မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့်ရေးသားခဲ့ကြရာ လုပ်ကြံသတင်းအတု ၁၈၇ ပုဒ်၊ သတင်းအမှား ၃၉၅ ပုဒ် စုစုပေါင်း သတင်းတု၊ သတင်းမှား ၆၂၃ ပုဒ် ရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ အချုပ်အားဖြင့်ဆိုလျှင် ၎င်းမီဒီယာများ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဖြန့်ဝေခဲ့သည့် စုစုပေါင်းသတင်းများအနက် သတင်းအပုဒ် ၁၀၀ တွင် သတင်းတု၊ သတင်းမှား အပုဒ် ၉၀ ဖြန့််ဝေခဲ့သည်ကို တွေ့ရသည်။

ပြည်သူများအနေဖြင့် နေ့စဉ်အာဟာရတစ်မျိုးဖြစ်သည့် သတင်းစားသုံးမှုကို များသောအားဖြင့် ပြုလုပ်ကြရာ အွန်လိုင်းပေါ်မှ သတင်းတု၊ သတင်းမှားများကို စားသုံးမိကြသဖြင့် သတင်းအဆိပ်သင့်ကာ အတွေးအမြင်များလွဲမှားပြီး တိုင်းပြည်အတွက်ပါ အန္တရာယ်ရှိနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မှန်ကန်ကောင်းမွန်သောသတင်းများကို မှီဝဲနိုင်မှသာ အသိအမြင်ဗဟုသုတများ တိုးပွားပြီး ဆင်ခြင်ပိုင်းခြားနိုင်စွမ်းနှင့် ကောင်းမွန်သောအနာဂတ်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သတင်းတု၊ သတင်းမှား၊ သတင်းအဆိပ်အတောက် များကို ခွဲခြားရှုမြင်နိုင်စွမ်းရှိရန် လိုအပ်ပါသည်။

အတိအကျဆိုပါလျှင် ခေတ်သစ်၊ မဇ္ဈိမ၊ ဒီဗွီဘီ၊ အာအက်ဖ်အေ၊ ဧရာဝတီနှင့် မြေလတ်အသံဆိုသည့် ပြည်ပအထောက်အပံ့ခံ ပြည်ဖျက်မီဒီယာ ခြောက်ခုသည် တိုက်ပွဲသတင်း၊ မိုင်းခွဲသတင်း၊ ဒရုန်းဖြင့်တိုက်ခိုက်သတင်း၊ မီးရှို့သတင်း၊ ဖမ်းဆီးသတ်ဖြတ်သတင်း၊ ဓားပြတိုက်လုယက်သတင်း၊ အလင်းဝင်/ထွက်ပြေးသတင်း စသည့် မကောင်းသတင်းများကို မမှန်မကန် လွဲမှားစွာရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ မမှန်မကန် လုပ်ကြံဖန်တီးသတင်းများဖြင့် ပြည်သူများ သတင်းအဆိပ်သင့်အောင် ဖန်တီးခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများကို နှိမ်နင်းသည့်အခါ အပြစ်မဲ့ပြည်သူများအား ရက်ရက်စက်စက်သတ်ဖြတ်နေကြောင်း၊ တိုက်ပွဲများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတုံးအရုံးသေဆုံးကြောင်း၊ လက်နက်ချထွက်ပြေးကြကြောင်း မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ကြပြီး မြေပြင်တွင်မူ အကြမ်းဖက်သမားများသာ အတုံးအရုံးသေဆုံး၊ ဖမ်းဆီးခံ၊ လက်နက်ချ၊ အလင်းဝင်နေကြသည်ကို လက်တွေ့မြင်တွေ့နေရသည်။

ပြည်ဖျက်မီဒီယာများသည် တပ်မတော်နှင့် ပြည်သူကို သွေးခွဲပြီး ပြည်သူများ အထင်အမြင်လွဲမှား မုန်းတီးမှုများဖြစ်လာစေရန် နည်းအမျိုးမျိုးဖြင့် ဖန်တီးရေးသားနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်ပမီဒီယာများတွင် ဒေါ်လာစား လုပ်ကိုင်နေကြသူများသည် မြန်မာနိုင်ငံသားများဖြစ်ပါလျက် မိမိတိုင်းပြည် တည်ငြိမ်အေးချမ်းနေသည်ကို မလိုလားဘဲ တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း  လုပ်ကိုင်နေကြသည်မှာ အံ့ဩဖွယ်ဖြစ်သည်။ အဖျက်အမှောင့်လုပ်ရပ်များကို ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး ပြည်သူများကို စည်းရုံးသွေးဆောင်လှုံ့ဆော်မှုများ အဆက်မပြတ်ပြုလုပ်လျက်ရှိသည်။

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ပတ်သက်၍ အမှား၊ အမှန်၊ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုးတို့ကို ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ဖြင့် ခွဲခြားရှုမြင်ပြီး သတင်းအဆိပ်မသင့်အောင်၊ တိုင်းပြည်အကျိုးစီးပွားမပျက်စီးအောင်၊ တိုင်းပြည်မပြိုကွဲအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။       ။

ကြေးမုံအယ်ဒီတာ့အာဘော်