Skip to main content

တရုတ်-မြန်မာ ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ့်အပြင် နှစ်နိုင်ငံ ပြည်သူလူထုချင်း နားလည်မှုတွေ ပိုမိုရရှိမယ်လို့ ယုံကြည် (မစ္စတာ လီချန်ယန်၊ ဒုတိယပါမောက္ခချုပ်၊ မြန်မာရေးရာသုတေသနဌာန(ဌာနမှူး)၊ ယူနန်တက္ကသိုလ်)

 

ယခုနှစ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံမှု နှစ်(၇၀)ပြည့်မြောက်သော အခါသမယဖြစ်သည့်အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်မည့် အချိန်အခါနှင့် တိုက်ဆိုင်လျက်ရှိရာ နှစ်နိုင်ငံခေါင်းဆောင်ကြီးများ အဆက်ဆက် စိုက်ထူခဲ့ကြသည့် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ကို ထပ်လောင်းသက်သေပြုသကဲ့သို့ ရှိသည်။

ထိုသို့ ထူးခြားသော ဝိသေသများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Lotte Hotel ၌ တရုတ်-မြန်မာ ဆက်ဆံရေး ထူထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ပြန်ကြားရေး ဝန်ကြီးဌာန မြန်မာရေးရာအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်တက္ကသိုလ် မြန်မာလေ့လာရေးဌာန(IMS) တို့ ပူးပေါင်း၍ နှစ်နိုင်ငံပညာရှင်များ ဆွေးနွေးပွဲကို ကျင်းပသည်။

ဆွေးနွေးပွဲတွင် “Think Tank Scholars Summit on Myanmar –China Relations in the New Era” ခေါင်းစဉ်နှင့်အညီ တရုတ်- မြန်မာ နှစ်နိုင်ငံ အစိုးရများနှင့် ပြည်သူများ ကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုမြင့်မား ခိုင်မြဲစေရေးနှင့် နှစ်နိုင်ငံ မဟာဗျူဟာမိတ်ဖက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ထောင့်စုံကဏ္ဍစုံမှ ဆွေးနွေးခဲ့ကြရာ နှစ်နိုင်ငံ ပညာရှင်များ၏ သဘောထား ရှုမြင်ချက်များကို ကောက်နုတ်ဖော်ပြလိုက် ပါသည် -

မစ္စတာ လီချန်ယန် (ဒုတိယပါမောက္ခချုပ်၊ မြန်မာရေးရာသုတေသနဌာန(ဌာနမှူး)၊ ယူနန်တက္ကသိုလ်)

မကြာမီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် မြန်မာပြည်ကို လာရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဒီနှစ် က တရုတ် - မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် မြောက်တဲ့ အချိန်လည်းဖြစ်ပါတယ်။ အခုဆွေးနွေးပွဲက မြန်မာ- တရုတ်နှစ်နိုင်ငံ ဌာနနှစ်ခု ပူးပေါင်းပြီး ကျင်းပတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်(၇၀)အတွင်းမှာ တရုတ် - မြန်မာ ဆက်ဆံရေး က ဘာထူးခြားချက်တွေ ရှိကြသလဲ ဆိုတာကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲလာတဲ့ နှစ်နိုင်ငံ ပညာရှင်တွေက သူတို့နဲ့သက်ဆိုင်တဲ့ အကြောင်းတွေကို ဆွေးနွေး ကြမယ်။ သိလိုတာတွေကို မေးမြန်း ကြမယ်။

အခုဆွေးနွေးပွဲကို တရုတ်ပြည်က ပညာရှင်စုစုပေါင်း ၁၅ ဦးလာပါတယ်။ ယူနန် တက္ကသိုလ်က ပညာရှင် ခုနစ်ဦးပါပါတယ်။ ဆွေးနွေးပွဲမှာ ခေါင်းစဉ်လေးခုနဲ့ ဆွေးနွေး ကြမယ်။ ပထမ တရုတ် - မြန်မာ ဆက်ဆံရေး ထူးခြားချက်တွေ၊ မြန်မာ - တရုတ်ရေးရာကိစ္စတွေ၊ တရုတ် - မြန်မာ လူမှုအသိုင်းအဝိုင်း ကိစ္စတွေကို ဆွေးနွေးကြမယ်။ ဒီလိုဆွေးနွေး မှုက တစ်ဆင့် တရုတ် - မြန်မာ ဆက်ဆံရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ့်အပြင် အကျိုး ကျေးဇူးတွေလည်း အများကြီးရပါမယ်။ ဒါ့အပြင် နှစ်နိုင်ငံ ပြည်သူလူထုချင်း နားလည် မှုတွေ ပိုမိုရရှိမယ်လို့ ယုံကြည်ပါတယ်။ အရင်ကထက် နှစ်နိုင်ငံဆက်ဆံရေးတွေ၊ ပြည်သူချင်းဆက်ဆံရေးတွေ ပိုမိုတိုးတက် များပြားလာမယ်။ ယူနန်တက္ကသိုလ်က တရုတ်ပြည်မှာ နာမည်ကြီးတဲ့ တက္ကသိုလ် တစ်ခုလည်း ဖြစ်ပါတယ်။ ယူနန်တက္ကသိုလ် မှာ မြန်မာရေးရာဌာနလည်း ရှိတဲ့အတွက် နောင်အခါ တရုတ် - မြန်မာ ဆက်ဆံရေးတွေ အများကြီးတိုးတက်လာမှာပါ။

ဦးအေးမောင်ကျော် (အကြီးတန်းသုတေသနမှူး၊ မြန်မာရေးရာလေ့လာရေးအဖွဲ့)

အခု Think Tank Summit က ယူနန် တက္ကသိုလ်နဲ့ မြန်မာရေးရာလေ့လာရေး အဖွဲ့တို့ ပေါင်းပြီးကျင်းပတာ သုံးကြိမ်ရှိပါပြီ။ မြန်မာရေးရာလေ့လာရေးအဖွဲ့အနေနဲ့ တစ်နှစ် ခွဲအတွင်းမှာ စွမ်းအင်ဆိုင်ရာနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာတွေကို လုပ်ပါတယ်။ ဒီနှစ်က တရုတ်- မြန်မာ ဆက်ဆံရေး နှစ် (၇၀) ပြည့် မြောက်တဲ့ နှစ်လည်းဖြစ်တယ်။ ဒီနှစ် တစ်နှစ်လုံး အစိုးရ ဘက်က အစီအစဉ်တွေ ၂၀ ကျော် လောက်ရှိပါတယ်။ အဲဒီအစီအစဉ် တွေထဲမှာ ဝန်ကြီးဌာနအသီးသီး ပါဝင်မှာ ဖြစ်ပါတယ်။

ဒီပွဲက ယူနန်တက္ကသိုလ်နဲ့ မြန်မာရေးရာ လေ့လာရေးအဖွဲ့တို့ ပူးပေါင်းပြီး လုပ်တာ ဖြစ်ပါတယ်။ တရုတ် - မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ တရုတ်အကြောင်း၊ မြန်မာ အကြောင်း ကျွမ်းကျင်တဲ့ နှစ်ဖက်ပညာရှင် တွေအပြင် တက္ကသိုလ်အသိုင်းအဝိုင်း၊ ပြင်ပ ပညာရှင်တွေနဲ့ စီးပွားရေးနယ်ပယ်ကလည်း ပါပါတယ်။ ပညာရှင်တွေအားလုံးကို ဖိတ်ပြီး နှစ်ဖက် အပြန်အလှန်စာတမ်းတွေ တင်ကြမယ်။ ဆွေးနွေးမယ်။ ရလဒ်က တရုတ်- မြန်မာ ဆက်ဆံရေး အဓွန့်ရှည်ကောင်းမွန်ဖို့ ကို ဦးတည်ပြီးလုပ်တာပါ။ ဒီပွဲတင် မကပါဘူး၊ နောက်ပွဲတွေ လည်း လုပ်ပါ့မယ်။

တရုတ် - မြန်မာဆက်ဆံရေး နှစ် (၇၀) ပြည့်ဆိုတာ သမိုင်းမှတ်တမ်းတစ်ခုပါ။ တရုတ်- မြန်မာ နှစ်ပေါင်းများစွာကတည်းက ဆက်ဆံရေးရှိခဲ့ပါတယ်။ ပျူခေတ်ကတည်း ကပါ။ ဒါပေမယ့် လွတ်လပ်ရေးရပြီး နောက်ပိုင်းကို နှစ် ၇၀ ပြည့်လို့ ပြောကြတာ ပါ။ အများအားဖြင့် တရုတ် - မြန်မာ ဆက်ဆံရေးက အနီးကပ်ဆက်ဆံရေးပါ။ အဓိက ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးပါ။ တရုတ် - မြန်မာ ဆက်ဆံရေးက အခုအခါမှာ အကောင်းဆုံးအနေအထားကို ရောက်နေတာ ပါ။ အလားအလာ အလွန်ကောင်းပါတယ်။ စိန်ခေါ်မှုအချို့ ရှိခဲ့ပေမယ့် ဒီစိန်ခေါ်မှုတွေ ကို ကျော်လွန်ပြီး သွားနိုင်လိမ့်မယ်လို့ ယူဆ ပါတယ်။

အခု နှစ်နိုင်ငံ နှစ် (၇၀) ပြည့်မြောက်တဲ့ တစ်နှစ်လုံးမှာ ယဉ်ကျေးမှုဖလှယ်တာတွေ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေရှိမယ်။ အဆို၊အကတွေ၊ စာအုပ်မိတ်ဆက်ပွဲတွေ ရှိမယ်။ စသဖြင့် အများကြီးလာပါလိမ့်မယ်။ တစ်နှစ်အတွင်း ရေရှည်သွားနိုင်မယ့် လှုပ်ရှား မှုမျိုးတွေ အကုန်လုံးပါတာဖြစ်တဲ့အတွက် တရုတ်-မြန်မာ ဆက်ဆံရေး ပိုပြီးအထောက် အကူ ဖြစ်မှာ ဖြစ်ပါတယ်။

ဒီပွဲမှာ စာတမ်းတင်သွင်းကြမယ့်သူတွေ က တက္ကသိုလ်အသိုင်းအဝိုင်းမှာဆိုရင် သမိုင်း ဌာန၊ IR ဌာနတို့အပြင် နိုင်ငံတကာဆက်ဆံ ရေးဌာနက ပညာရှင်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ပြန်ကြားရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးကော်မတီက ပုဂ္ဂိုလ်တွေပါမယ်။ ပြင်ပစာရေးဆရာနဲ့ ပညာရှင်တွေပါမယ်။ တရုတ်-မြန်မာ ဆက်ဆံရေးမှာ လှုပ်ရှား နေတဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်သူတွေကို ဖိတ်ထားပါတယ်။ ရုပ်ရှင် မြှင့်တင်ရေး ဒါရိုက်တာအချို့ပါတယ်။ အခုပွဲ က နှစ်နိုင်ငံ ချစ်ကြည်ရေးလည်းဖြစ်တယ်။ ပေါ်လစီတွေ အောင်မြင် အောင် ဆောင်ရွက်ပေးတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူချင်းချင်း ဆက်ဆံရေးနဲ့ အစိုးရ ချင်းဆက်ဆံရေးတွေ ပိုပြီးကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်

အခုလို တရုတ်နိုင်ငံက ခေါင်းဆောင် ကိုယ့်နိုင်ငံကိုလာတာ အခွင့်အရေးတစ်ရပ်ပါ။ ရင်းနှီးမှုတည်ဆောက်ရမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်လာရင် အိမ်နီးနားချင်း ပေါက်ဖော် လည်း ဖြစ်ပါ တယ်။ နိုင်ငံရေးသာမကဘူး၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ လူမှုရေးအမျိုးမျိုးပေါ့။ နှစ်နိုင်ငံ ရင်းနှီးမှုကို တည်ဆောက်မှုက အင်မတန်အရေးကြီး ပါတယ်။ တရုတ်သမ္မတကြီး လာတာကို ကြိုဆိုပါတယ်။ သမ္မတကြီးလာပြီးတဲ့အခါ နှစ်နိုင်ငံ အကျိုးတူလုပ်ငန်းတွေ ဆောင်ရွက် နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီဆွေးနွေးပွဲ ကလည်း MoU တွေ အများကြီး ထိုးမယ်လို့ နားလည်ထားပါတယ်။ အဲဒါတွေက အရေးကြီး တယ်။ သမ္မတကြီးအနေနဲ့ ၂၀၂၀ မှာ ပထမဆုံး နိုင်ငံတကာခရီးက မြန်မာပြည်ကို ဦးစားပေးတာ။ တရုတ်နှစ်သစ်ကူး မတိုင်ခင် လာတာ အင်မတန်ထူးခြားတယ်။ နှစ်နိုင်ငံ အတွက်ပါ။ ကိုယ့်အတွက်ပဲ ကြည့်လို့မရဘူး။ ကိုယ့်အတွက် အကျိုးရှိသလို သူတို့နိုင်ငံ အတွက်လည်း အကျိုးရှိရမယ်။ ဘယ်လို ဆောင်ရွက်ကြမလဲ၊ စဉ်းစားကြမလဲ။ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ သမိုင်းအခြေခံတွေရှိကြတယ်။ မျက်စိဖွင့်ပြီး ကြည့်ရမယ်၊ မျက်စိပိတ်ပြီး စဉ်းစားလို့မရဘူး။ နားလည်မှုရှိဖို့ လိုတယ်၊ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံဖို့ လိုတယ်။ နိုင်ငံရေးရဲ့ ပထဝီအနေအထားအရ ရင်းနှီးအောင်လုပ်ဖို့ လိုပါတယ်။

မုံရွာဦးအောင်ရှင် (ဗဟိုကော်မတီအဖွဲ့ဝင်၊
ပြန်ကြားရေးကော်မတီအတွင်းရေးမှူး(ဗဟို)၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အခု Think Tank ဆွေးနွေးပွဲက အရင် လုပ်တဲ့ ဆွေးနွေးပွဲတွေထက် ပိုပြီးထူးခြား ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မကြာခင်မှာ တရုတ်သမ္မတကြီး မစ္စတာရှီကျင့်ဖျင် မြန်မာ နိုင်ငံကို ချစ်ကြည်ရေးခရီးအနေနဲ့ ရောက်တော့မှာဆိုတော့ ကြိုဆိုတဲ့အနေနဲ့ လုပ်တဲ့ပွဲလို့ ပြောလို့ရပါတယ်။ ဒီပွဲလုပ်တာ သမ္မတရှီနဲ့ ကျွန်တော်တို့ ခေါင်းဆောင် တွေအားလုံး ဘယ်လိုညှိနှိုင်းဆွေးနွေးပြီး တိုင်းပြည်အတွက် ဘယ်လိုအကျိုး ဖြစ်ထွန်း မယ့် ရလဒ်တွေ ပေါ်ထွန်းနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ဒီပွဲကို ကျွန်တော်တို့က လုပ်ကြတာဖြစ်ပါတယ်။ ဒီပွဲကို ကျွန်တော် တို့ အများကြီးမျှော်လင့်ပါတယ်။ ကျွန်တော် က ဒီဆွေးနွေးပွဲမှာ တရုတ် - မြန်မာ မီဒီယာဆက်ဆံရေးကဏ္ဍကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ရလဒ်တွေ အများကြီးရမှာပါ။

ဆွေးနွေးပွဲမှာ ဆွေးနွေးကြတဲ့ပုဂ္ဂိုလ် တွေ ကျွန်တော်တို့ မြန်မာ Think Tank ပညာရှင်တွေသာမက တရုတ်နိုင်ငံက Think Tank ပညာရှင်တွေပါပါတဲ့ ဆွေးနွေးပွဲ ဖြစ်တဲ့အတွက် အများကြီး အကျိုးရှိပါလိမ့် မယ်။ တရုတ်သမ္မတကြီးက လွန်ခဲ့တဲ့ ၁၀ နှစ် က ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်က ထင်တယ် မြန်မာပြည်ကို ဒုတိယသမ္မတ အနေနဲ့ လာခဲ့တာရှိပါတယ်။ ခုက ၁၀ နှစ် အတွင်းမှာ ရောက်လာတော့ ထူးခြားတယ် လို့ ပြောလို့ရပါတယ်။ MoU လက်မှတ် ရေးထိုးပွဲတွေ အများကြီးလုပ်နိုင်မယ်လို့ ထင်ပါတယ်။ တရုတ်သမ္မတ မစ္စတာရှီ လာရောက်တဲ့အတွက် ကျွန်တော့်နိုင်ငံ အတွက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက် အကူတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လည်း အများကြီးရလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။

ဦးအေးလွင်(ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

တရုတ်သမ္မတကြီး မစ္စတာရှီကျင့်ဖျင် လာမယ်။ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း တိုင်းပြည်က ခေါင်းဆောင်ကြီးတစ်ယောက် လာတာကို ကြိုဆိုကြရမယ်။ ပူးပေါင်း ဆောင်ရွက်မှု အားလုံးရှိတဲ့အတွက် တရုတ် သမ္မတ မစ္စတာရှီကျင့်ဖျင် လာခြင်းသည် မြန်မာနိုင်ငံအတွက် အစစအရာရာ ဒီထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အခွင့်အရေးရအောင် လုပ်ဆောင်ရမယ်။ ဘာပဲဖြစ်ဖြစ် အိမ်နီးချင်း တိုင်းပြည်ဆိုတာ တရုတ်စကားပုံတွေထဲမှာ “အဝေးမှာရှိတဲ့ ဆွေမျိုးထက် အိမ်နီးနားချင်း ဆွေမျိုးက ပိုအားကိုးရတယ်” ဆိုတဲ့ စကားပုံ ရှိပါတယ်။ အိမ်နီးနားချင်း အင်အားကြီးနိုင်ငံ က ခေါင်းဆောင်လာတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပူးပေါင်းဆောင်ရွက်တာ နှစ် ၇၀ ပြည့်လို့ ဂုဏ်ပြုတဲ့ အထိမ်းအမှတ်နဲ့ လာတာပါ။

တွေ့ဆုံမေးမြန်း - ဝင်းဝင်းမော်၊ ဥမ္မာသန့်

ဓာတ်ပုံ - လှမိုး