ကလေးသူငယ်များအတွက် အလိုအပ်ဆုံးသောအရာသည် မေတ္တာဖြစ်သည်။ ကလေးသူငယ်များအတွက် အတောင့်တဆုံးအရာသည် စိန်၊ ရွှေရတနာ၊ ငွေကြေး ပစ္စည်းမဟုတ် အဖိုးမဖြတ်နိုင်သည့် မေတ္တာတရားဖြစ်သည်။ ကလေးသူငယ်များသည် လုံခြုံစိတ်ချမှုကို လိုလားသည်။ ကလေးသူငယ်များသည် အနာဂတ်အတွက် အားထားရမည့်သူများဖြစ်သည်။ တိုင်းပြည်အနာဂတ် သာယာဝပြောရေးအတွက် ကလေးသူငယ်များကို ပြုစုပျိုးထောင်ခြင်းသည် အရေးကြီးသောအလုပ်ဖြစ်သည်။
ပြည့်စုံနေသောမိသားစု၏ ကလေးသူငယ်များအတွက် ဆိုဖွယ်ရာမရှိသော်လည်း မိသားစုအဆင်မပြေ၍ဖြစ်စေ၊ ဘဝကံအကျိုးပေးမကောင်း၍ဖြစ်စေ ကလေးတစ်ယောက်သည် ချစ်ခင်ရမည့်သူ ကင်းမဲ့လာလျှင်၊ သူ့ကိုဂရုပြုမည့်သူ ရှာမတွေ့လျှင် ထိုကလေးငယ်သည် သိမ်ငယ်စိတ်ဖြစ်လာပြီး နီးစပ်ရာတွင် အားကိုးအားထား ပြုရမည့်သူ၊ တွယ်တာရမည့်သူကို ရှာဖွေတတ်လာသည်။ အဆိုပါကလေးငယ်များသည် မရေရာသောဘဝများကို ဖြတ်သန်းရလျက် အနာဂတ်ပျောက်နေသကဲ့သို့ ဖြစ်ကြရသည်။ ထို့ကြောင့် တိုင်းပြည်အနာဂတ်အတွက် ကလေးသူငယ် စောင့်ရှောက်ရေးသည် အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်သည်။
မျက်မှောက်ကာလတွင် ဆင်းရဲမွဲတေမှုအကျိုးဆက်ကြောင့် မရေရာသောဘဝတွင် ရပ်တည်နေရသော ကလေးငယ်များစွာကို တွေ့မြင်လာရသည်။ မိသားစုဝမ်းရေးအတွက် အရွယ်မရောက်မီ ကလေးအနာဂတ်ကို ပစ်ပယ်လျက် ကလေးလုပ်သားများ အဖြစ်များလာသည်။ ကလေးသူငယ်များအနေဖြင့် ဘဝတစ်ခုလုံခြုံမှုနှင့် ဝင်ငွေအထိုက်အလျောက်ရနိုင်ရေးကို ရည်ရွယ်ပြီး လုပ်ငန်းရှင်အချို့ အနေဖြင့် အခကြေးငွေသက်သာပြီး လိုရာခိုင်းစေနိုင်သော ကလေးသူငယ်များကို ရွေးချယ်အလုပ်ခိုင်းလာသည်ကို တွေ့ရမည်ဖြစ်သည်။ ပညာသင်ချိန်အရွယ် ပညာမသင်ကြားနိုင်ဘဲ ဘဝကိုအလုပ်တွင် မြှုပ်နှံလိုက်ကြရသည်။
ကလေးသူငယ်များ၏ ဘဝနှင့်အနာဂတ်သည် အလွန်အရေးပါသဖြင့် နိုင်ငံအစိုးရများက အလေးထားဆောင်ရွက်ကြသည်။ အာဆီယံနိုင်ငံများတွင် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများအားလုံးကို ဆန့်ကျင်ခြင်း၊ ကလေးသူငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းဆိုင်ရာ မူဝါဒများကို အရေးကြီးဦးစားပေးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် “no child left behind” ဟူသည့် မည်သည့်ကလေးမျှ နောက်ချန်မထားရေး လုပ်ငန်းစဉ်အောင်မြင်စေရန်အတွက် အစိုးရနှင့် လူမှုရေးအဖွဲ့အစည်းများက ကလေးငယ်များ ကာကွယ်စောင့်ရှောက်ပျိုးထောင်ရေးကို အလေးထားလုပ်ကိုင်လျက်ရှိသည်။
ကလေးငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံတော်၏အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေသောကြောင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို လုပ်ငန်းကော်မတီ အသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းစီမံချက်ကို ကာလတိုငါးနှစ်စီမံချက် သုံးကြိမ်ဖြင့် ကာလရှည် ၁၅ နှစ်လုပ်ငန်းစီမံချက် သတ်မှတ်ဆောင်ရွက်ရန် လျာထားသည်။ ပထမကာလတို ငါးနှစ်စီမံချက်အား ခိုင်မာတိကျသော အခြေခံအချက်အလက်များ ကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ အခွင့်အလမ်းများဖန်တီးခြင်း၊ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင် ရေးဆွဲမှုနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း၊ မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် အခွင့်အလမ်းများရရှိစေခြင်းစသည့် ရည်မှန်းချက်များကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်လျက်ရှိသည်။
ကာလတိုငါးနှစ်စီမံချက်ပါအတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခုအနက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ကို ကနဦးစီမံချက်နယ်မြေအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ထိုဒေသများတွင် ဦးစားပေးနယ်ပယ်အဖြစ် စက်မှုကုန်ထုတ်ကဏ္ဍနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍတို့ရှိ ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရန် ပထမကာလတိုငါးနှစ်စီမံချက် (၂၀၁၉-၂၀၂၃)ကို အကောင်အထည်ဖော်ခဲ့သည်။ သို့ဖြစ်ရာ ကလေးအလုပ်သမားများ ဖြစ်ပေါ်လာခြင်းသည် မိသားစုစားဝတ်နေရေးကို အကြောင်းပြု၍ ဖြစ်ပေါ်လာသောကြောင့် ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးအတွက် ဆင်းရဲနွမ်းပါးသော မိသားစုများအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုမြှင့်တင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။