ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ နယ်မြေဒေသအချို့တွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ ဘက်ပေါင်းစုံတွင် များစွာထိခိုက်နစ်နာလျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ အမှန်တရားအပေါ်တွင် ဦးစားမပေးဘဲ ပြည်တွင်း၊ ပြည်ပသွေးထိုးမြှောက်ပင့်ပေးမှုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အားပေးကူညီမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများ၊ တိုက်ပွဲများ၏ဆိုးကျိုးများနှင့် ဆင်းရဲဒုက္ခများကို လက်တွေ့ခံစားနေကြရသူများမှာ တိုင်းရင်းသားပြည်သူများဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားပြည်သူများ အေးချမ်းစွာနေထိုင်ခဲ့သည့် အိုးအိမ်နေရာများကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် ကြရသည်။ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည်ဖြင့် ဘက်ပေါင်းစုံတွင် အခက်အခဲများစွာတို့ကို ရင်ဆိုင်ကြရသည်။ နိုင်ငံတော်က အချိန်ကာလကြာမြင့်စွာ တည်ဆောက်ရယူခဲ့ရသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ပျက်စီးဆုံးရှုံးခဲ့ပြီး မူလအခြေအနေသို့ ပြန်လည်ရောက်ရှိရန်အတွက် အချိန်ကာလ၊ လူအင်အား၊ ငွေအင်အားစသည်ဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံ ကြိုးစားတည်ဆောက်ကြရဦးမည်ဖြစ်သည်။
တိုင်းရင်းသားပြည်သူများအနေဖြင့် နှစ်ပေါင်းရှည်ကြာ ဤမြေတွင်နေ၊ ဤရေကိုသောက်၍ အေးချမ်းစွာရပ်တည်နေထိုင်နိုင်ရေးကိုသာလိုလားသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကိုသာ မျှော်လင့်သည်။ လက်နက်ကိုင်ပဋိပက္ခများကို တည်ဆောက်သူများ၊ မျှော်လင့်နေကြသူများ၊ အားပေးအားမြှောက်ပြုလုပ်နေကြ သူများသည် ဤနိုင်ငံကို ပျက်စီးစေလိုသော ဖျက်ဆီးနေကြသူများသာဖြစ်သည်။ နိုင်ငံအတွင်းဖြစ်ပွားနေသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော အသက်ခန္ဓာနှင့်ဝတ္ထုပစ္စည်းအားလုံးမှာ မိမိတို့နိုင်ငံ၏ ပိုင်ဆိုင်မှုများသာဖြစ်သည်။ ထိုသို့ ပျက်စီးဆုံးရှုံးစေသည့်လုပ်ရပ်များမှာ အကျိုးစီးပွားအတွက်လား၊ ပြည်ထောင်စုအတွက်လား ရှုမြင်သုံးသပ်ကြည့်နိုင်သည်။
တည်ငြိမ်အေးချမ်းလျက်ရှိနေသောဒေသများတွင် အလုပ်အကိုင်မပျက် အေးချမ်းစွာနေထိုင်ကြရသည်ကို မြင်တွေ့နိုင်မည်ဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုမရှိသော၊ ပျက်ပြားနေသောဒေသများတွင် အလုပ်အကိုင်ပျက် ဆင်းရဲဒုက္ခရောက်လျက်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့်သာယာဝပြောမှုကင်းဝေးလျက် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း နိမ့်ကျပျက်စီးလျက်ရှိနေမည်ဟူသောအချက်ကို အားလုံးကအလေးအနက်သတိပြုမိကြရမည်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးသည် တိုင်းရင်းသားပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သဖြင့် လက်နက်ကိုင်အကြမ်းဖက်မှုများကို တားဆီးကြ ရမည်ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမိုင်းကြောင်းတစ်လျှောက်တွင် လက်နက်ကိုင်ပဋိပက္ခများကြောင့် ဒဏ်ရာဒဏ်ချက်များစွာ ထိခိုက်ခဲ့ဖူးပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်ခဲ့သော်လည်း တိုင်းပြည်မပြိုကွဲ မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ခဲ့သည်။ ဆက်လက်၍လည်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်နေ မည်ဖြစ်သည်။ အဓိကမှာ တိုင်းရင်းသားပြည်သူများအားလုံး၏ တိုင်းပြည်ငြိမ်းချမ်းစေရမည်ဟူသည့် တစ်သွေးတစ်သားတည်းစိတ်ထား ထားရှိရမည်ဖြစ်သည်။ မိဘဘိုးဘွားဘီဘင်များ တည်ဆောက်ထူထောင်လာခဲ့သည့် ဤပြည်ထောင်စုကြီး အဓွန့်ရှည်ခိုင်မြဲရေးတွင် ပါဝင်တည်ဆောက်ကြရမည်ဖြစ်သည်။
“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဒို့တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို အမျိုးသားရေးခံယူချက်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါအမျိုးသားရေးလုပ်ငန်းသုံးရပ်ကိုအခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကိုတည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာဆောင်ရွက် ထားခြင်းဖြစ်သဖြင့် လုံးဝအထိခိုက်ခံမည်မဟုတ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာတွင် အလေးအနက်ပြောကြား ထားသည်။
ငြိမ်းချမ်းရေးသည် တိုင်းရင်းသားပြည်သူအားလုံး၏လိုလားချက်၊ မျှော်လင့်ချက်၊ ဆန္ဒများဖြစ်သဖြင့် တပ်မတော်အနေဖြင့် နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် အစဉ်ထာဝရတံခါးဖွင့်ကြိုဆိုလျက်ရှိသည်။ အခက်အခဲများ၊ လိုအပ်ချက်များကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် NCA ပါ သဘောတူညီချက်များနှင့်အညီ လက်တွေ့ဖြေရှင်းဆောင်ရွက်ကြပါရန် တိုင်းရင်းသားအဖွဲ့ အစည်းများအားလုံးကို အစဉ်ဖိတ်ခေါ်လျက်ရှိသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြမှသာလျှင် အေးချမ်းသာယာဝပြောသည့် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် တင့်တယ်စွာရပ်တည်နိုင်မည်ဖြစ်ပါကြောင်း။ ။