ကော့သောင်း ဇန်နဝါရီ ၁၆
နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် The International Republican Institute (IRI) မှ တာဝန်ယူပြုလုပ်ကျင်းပသည့် ရွှေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးပါတီများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ဂါးဒင်းဟိုတယ်ခန်းမတွင် ကျင်းပရာ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ကော့သောင်းခရိုင်အတွင်းရှိ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအဖွဲ့စည်းများ ဖိတ်ကြားထားသူများ တက်ရောက်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော USAID ၏ အထောက်အပံ့ရယူထားသည့် The International Republican Institute (IRI) မှ စီမံကိန်း အရာရှိ Senior Program Officer Mr. Anthony Kop Khun Kual နှင့် စီမံကိန်းအကြီးတန်း အရာရှိ မဆုမွန်အောင်တို့က ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံရေးပါတီများ၏ မူဝါဒများ၊ နိုင်ငံရေး ခံယူချက်များအကြောင်း သိကောင်းစရာများ၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်များ ထိတွေ့ ဆက်ဆံမှု တိုးမြှင့်ရေးဆိုင်ရာများ၊ ပါတီဝင်အသစ်များ ခန့်ထားရေးဆိုင်ရာ သိကောင်းစရာများ၊ ပါတီမူဝါဒဖေါ်ဆောင်ရေး လုပ်ငန်းစဉ်များဆိုင်ရာ သိကောင်းစရာများအား ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးများဖြစ်သည့် အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများရှိ နိုင်ငံရေးပါတီကြီးများ၏ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များနှင့် နှိုင်းယှဉ်ဆွေးနွေး ပြောကြားပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက သိလိုသည်များအား အပြန်အလှန် ဆွေးနွေးဖလှယ်ကြသည်။
အဆိုပါ (IRI) အဖွဲ့အစည်းသည် အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် USAID အထောက်အပံ့ဖြင့် နိုင်ငံရေးပါတီများ၏ လုပ်ငန်းစဉ်များဖြစ်သည့် ပါတီအတွင်းအပြင် ဆက်သွယ်ရေး နည်းဗျူဟာများ၊ ပြည်သူလူထုအားစည်းရုံးခြင်း၊ အသိပညာပေးခြင်းနှင့် ပါတီဝင်အသစ်များစုဆောင်းခြင်းဆိုင်ရာ ဆွေးနွေးပွဲများအား မြန်မာနိုင်ငံ နေရာဒေသအနှံ့အပြားတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း IRI Senior Program Officer Mr. Anthony Kop Khun Kual ၏ ပြောကြားချက်အရသိရသည်။
ကျော်စိုး(ကော့သောင်း)