မြိတ် ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲ စွမ်းရည်မြှင့် ရက်တိုသင်တန်းကို မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ယနေ့ နံနက်(၉)နာရီ က ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို (၂၀၂၀) ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင်နှင့် International IDEA တို့မှ ပူးပေါင်းစီစဉ်မှုဖြင့် မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ငန်းလမ်းညွှန်များ၊ ရွေးကောက်ပွဲမဟာဗျူဟာ စီမံကိန်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲဆန္ဒစာရင်းပြုစုခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် မဲဆန္ဒစာရင်းကြေညာခြင်း၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်များ လိုက်နာရမည့်ကျင့်ဝတ်၊ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု၊ ကြိုတင် မဲပေးခြင်း၊ ဆန္ဒမဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ခိုင်လုံမဲ ၊ ပယ်မဲများသတ်မှတ်ခြင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံ အဖွဲ့ဝင်များ ဆောင်ရွက်ရန်နှင့် ရှောင်ကြည်ရန်အချက်များ၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာပေးခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာလေ့လာသူများကို စီမံခန့်ခွဲခြင်း၊ မီဒီယာများနှင့် ဆက်သွယ်ပြန်ကြားခြင်း၊ မဲရုံသရုပ်ပြ လေ့ကျင့်ခြင်းစသည့် ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေး အဖွဲ့မှ သိရသည်။
သင်တန်းကို မြိတ်ခရိုင် ရွေးကောက်ပွဲ ကော်ရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြည်က အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းစတင်ခဲ့သည်။ သင်တန်းကို မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီ မြို့နယ် ကော်ရှင် အဖွဲ့ခွဲဝင်များမှ သင်တန်းသား(၃၄)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းနည်းပြ(၃)ဉီးမှ ဇန်နဝါရီလ (၁၆)ရက်နှင့်(၁၇)ရက်တို့၌ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )