နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်တွင် ‘‘နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး’’ဟူသော လူမှုရေးဦးတည်ချက်တစ်ရပ်လည်း ပါဝင်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းခန့်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များဖြစ်သည်ဟု သိရသည်။
နိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသော လူငယ်များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအမြစ်များဖြစ်ရာ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းရည်မြင့်မားရေးအတွက် မျက်မှောက်ကာလတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင့်ပြုလုပ်ပြီး ပြုစုပျိုးထောင်ပေးခြင်းဖြင့် အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များအဖြစ် နိုင်ငံကို အကျိုးပြုလာနိုင်မည်ဖြစ်သည်။ ယခုအခါ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိရာတွင် လူငယ်တစ်ဦးချင်းစီ၌ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂတည်းဟူသော ဗလငါးတန်အင်အားငါးရပ် ဖွံ့ဖြိုးတိုးတက်လာရန် ဦးတည်ဆောင်ရွက် လျက်ရှိသည်ကို တွေ့ရသည်။ ဤတွင် နိုင်ငံ၏အနာဂတ်ကို ပုံဖော်ဖန်တီးသူများ ဖြစ်လာကြမည့် လူငယ်များကို ၎င်းတို့၏ အသက်အရွယ်နှင့် တွေးခေါ်မြော်မြင်နိုင်စွမ်းတို့နှင့် ကိုက်ညီပြီး တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေးအသိအမြင်များကိုလည်း မှန်မှန်ကန်ကန်ပေးအပ်၍ လေ့ကျင့်ပျိုးထောင်ပေးသွားရန်လည်း လိုအပ်မည်ဖြစ်သည်။
“နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံရေးအရ ခေတ်မီရေး (political modernization) သည် များစွာအရေးပါလှသည်။ နိုင်ငံရေးအရ ခေတ်မီရေး၏ အခြေခံလိုအပ်ချက်မှာ ပြည်သူတို့၏ မှန်ကန်သော ဆန္ဒသဘောထားဖော်ပြချက်များကို လက်တွေ့လုပ်ငန်းများအဖြစ် ပြောင်းလဲပေးနိုင်သည့် နိုင်ငံရေးယန္တရား (political mechanism) သက်ဝင်လှုပ်ရှားလာရေးပင်ဖြစ်သည်။ နိုင်ငံရေးဖြစ်စဉ်တွင် ပြည်သူတို့၏ ပါဝင်မှုကို အဆင့်အတန်းတိုးတက်မြင့်မားအောင် အစိုးရများက အမြဲကြိုးပမ်းနေရမည်။ ယင်းသို့ကြိုးပမ်းရာတွင် အစိုးရနှင့် ပြည်သူတို့အကြား အပြန်အလှန်နားလည်မှုနှင့် တာဝန်ရှိမှု (mutual understanding and responsibility) ဟူသော အမြင်များ တိုးတက်မြင့်မားရေးပေါ်တွင်သာ အခြေခံ၍ ဆောင်ရွက်ရမည်။ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အစိုးရနှင့် ပြည်သူတို့၏ နိုင်ငံရေးရင့်ကျက်မှု (political maturation) သည် မရှိလျှင် မဖြစ်သော အခြေအနေတစ်ရပ်ဖြစ်သည်။ ’’ ဟူ၍ နိုင်ငံရေးသိပ္ပံပညာရှင်တစ်ဦး၏ အဆိုရှိသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရာတွင် လိုအပ်သည့် နိုင်ငံရေးရင့်ကျက်မှုရရှိနိုင်ရန် လူငယ်ဘဝကပင် နိုင်ငံရေးပျိုးထောင်မှု (political culture) ကို မှန်ကန်စွာ ပြုလုပ်ပေးရမည်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ ထူးခြားသည့် ပထဝီနိုင်ငံရေး (Geopolitic)၊ အမျိုးသားအကျိုးစီးပွား (National Interest) စသည်တို့ကိုလည်းကောင်း၊ နိုင်ငံနှင့်လူမျိုးတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးဟူသည့် နိုင်ငံ့အင်အားများ မဖြစ်မနေတည်ဆောက်ရသည်ကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် တစ်သွေးတည်းတစ်သားတည်း စည်းလုံးညီညွတ်စွာ အေးအတူပူအမျှ နေထိုင်ကြရေးသည် အသက်တမျှ အရေးကြီးသည်ကိုလည်းကောင်း လူငယ်တို့၏အရွယ်နှင့် ပညာအခြေခံအလိုက် အသိပညာပေးလေ့ကျင့်ပျိုးထောင်မှုများ ပြုလုပ်ပေးခြင်းဖြင့် အမျိုးသားနိုင်ငံရေး အရည်အသွေးမြင့်မားသူများအဖြစ် နိုင်ငံ့အနာဂတ်ကို အကျိုးပြုလာနိုင်ကြမည်ဖြစ်သည်။ ၎င်းတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု အရည်အသွေးများဖြင့် နိုင်ငံကို အလုပ်အကျွေးပြုရာတွင်လည်း သာမန်အားထုတ်မှုမျိုးမဟုတ်ဘဲ တက်ကြွလှုပ်ရှားသော အင်အားစု (Dynamic forces) များအဖြစ် အားသွန်ကြိုးပမ်းထမ်းဆောင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။