တောင်ကြီး ဇန်နဝါရီ ၁၆
နိုင်ငံတော်စီးပွားရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန (ရုံးချုပ်)၊ မြန်မာဖွံ့ဖြိုးမှု အဖွဲ့အစည်းနှင့် Renaissance Institute တို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် စီမံကိန်းဘဏ်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲနှင့် စီမံကိန်းအဆိုပြုလွှာပုံစံ ဖြည့်စွက်ခြင်း ဆိုင်ရာ သင်တန်းကို ယနေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan) ကို ရေးဆွဲလျက်ရှိသည်ကို အားလုံးအသိ ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲရန် Sustainable ဆောင်ရွက်သည့်နေရာတွင် ရေရှည်တည်တံ့ခိုင်မြဲရုံ သာမက ဟန်ချက်ညီရန် လိုအပ်ပါကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင် အားလုံးသည် ဟန်ချက်ညီရန် အားလုံးပါဝင်မှုရှိ၍ မျှတရန် လိုအပ်ပါကြောင်း၊ MSDP စီမံကိန်းထဲတွင် နိုင်ငံအတွက် ထားရှိသော ဖွံ့ဖြိုးရေးမျှော်မှန်းချက်များကို ရေးဆွဲထားပြီး နိုင်ငံကို မူလရှိပြီးသား အမျိုးမျိုးသော စီမံကိန်းများကို အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းကြီး တစ်ခုအောက်၌ သဟဇာတဖြစ်စေရန် ပေါင်းစည်းဆောင်ရွက်နိုင်မှသာ တိုင်းပြည်အတွက် စစ်မှန်သော ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု စီမံကိန်းများသည် MSDP နှင့် ကိုက်ညီမှု ရှိ/မရှိ ဆိုသည်ကို စိစစ်သုံးသပ်ရမည့်အတွက် Project Bank ကိုလည်း သေချာစွာသဘောပေါက်နားလည်ရန် လိုအပ်ပါကြောင်း၊ သင်တန်းတွင် Project Template ကို လေ့လာခြင်းဖြင့် မိမိတို့ ရှမ်းပြည်နယ်ဒေသကြီး၏ မဟာဗျူဟာကျ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် Project Bank ထဲပါဝင်ရမည့် အဆိုပြုတင်ပြချက်များ ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှုအခွင့်အလမ်းများရှိနေသည့် ရှမ်းပြည်နယ်အတွက် မဟာဗျူဟာမြောက် စီမံကိန်းများအား အဓိကဦးစားပေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်း ပါဝင်သည့် စီမံကိန်းများဖြစ်စေရန် ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားသွားသည်။
ဆက်လက်၍ MDI မှ Senior Policy Specialist ဒေါ်သီတာနွဲ့က MSDP Project Bank တို့နှင့် စီမံကိန်း အဆိုပြုလွှာ ဖြည့်စွက်နည်းတို့ကို ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသူ များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဦးစီးအဖွဲ့မှ အတွင်းရေးမှူးများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေး မှူးများ၊ ပြည်နယ်စီမံကိန်း ဦးစီးရုံး (ရုံးခွဲ) လားရှိုး၊ ကျိုင်းတုံရှိ ပြည်နယ်ခွဲဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသစီမံကိန်း ဦးစီးမှူးများ၊ ခရိုင်/မြို့နယ်စီမံကိန်းဦးစီးမှူးများ၊ ပြည်နယ်စီမံကိန်းဦးစီးရုံးမှ အရာထမ်းများ၊ စုစုပေါင်း အင်အား (၄၅၀)ဦးခန့် တက်ရောက်ကြ ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)