မန္တလေး ဇန်နဝါရီ ၁၆
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်းမြှင့်တင်ရေး၊ ဒေသအသီးသီးရှိ တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရေးနှင့် မျိုးဆက်သစ် ရွက်ပုံးသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသော မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝူရှူးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ မန္တလာ သီရိအားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအသင်းမှ ရွှေတံဆိပ် (၁၀) ဆု၊ ငွေတံဆိပ်(၇)ဆု၊ ကြေးတံဆိပ်(၄) ဆု ဖြင့် စုပေါင်းတံခွန်စိုက် ဆုရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဝူရှူးအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် အားကစားသမား (၁၇၀) ဦးကျော်တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို ထောက်လုပြိုင်ပွဲနှင့် ဆန်းဆိုပြိုင်ပွဲဟူ၍ နှစ်မျိုးခွဲခြားကာ အမျိုးသား/ အမျိုးသမီး ထောက်လု ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား(၁၁)မျိုးနှင့် ဆန်းဆိုပြိုင်ပွဲတွင် ကီလိုဝိတ်တန်းအလိုက် အမျိုးသား ပြိုင်ပွဲအမျိုးအစား (၇)မျိုး နှင့်အမျိုးသမီးပြိုင်ပွဲ အမျိုးအစား(၅)မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲတွင် အမျိုးသား/အမျိုးသမီး ဆန်းဆို ပြိုင်ပွဲ တံခွန်စိုက်ဆုဖလားနှင့် အကောင်းဆုံးကစားသမားဆု၊ အမျိုးသား/အမျိုးသမီး ထောက်လုပြိုင်ပွဲ တံခွန်စိုက်ဆုဖလားနှင့် အကောင်းဆုံးကစား သမား ဆုများအပါအဝင် ပြိုင်ပွဲအမျိုးအစားအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ရွှေတံဆိပ် (၁၀) ဆု၊ ငွေတံဆိပ် (၇) ဆု၊ ကြေးတံဆိပ် (၄) ဆုဖြင့် စုပေါင်းတံခွန်စိုက် ဆုရရှိသော မန္တလေးတိုင်း ဒေသကြီး အသင်းအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ဆုချီးမြှင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဉက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ နည်းပြများ၊ဒိုင်အဖွဲ့များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)