Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၂၄

(၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အငြိမ်းစားစစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားကျင်းပမည့်နေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အခမ်းအနားအစီအစဉ်ပထမပိုင်းအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်နှင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်နိုင်ဦးတို့က (၇၅) နှစ် မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အထိမ်းအမှတ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆင်ဖြူရှင်ခန်းမအတွင်း၌ ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံကျော်သရုပ်ဆောင်၊ အဆိုတော် အကယ်ဒမီရန်အောင်မှ ဖျော်ဖြေတင်ဆက်သည့် “မောင်တို့ချယ်ရီမြေ” တေးသီချင်းနှင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များမှ သီဆိုသည့် (၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြစ်သည့် “အင်ဂျင်နီယာ ဒို့တပ်ဖွဲ့ဝင်များ” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့သည် မြန်မာ့တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့်အချိန်ကတည်းက တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ခဲ့သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ (၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အခါသမယပင်ဖြစ်ကြောင်း၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအနေဖြင့် တပ်မတော်စတင်တည်ထောင်ချိန်မှ ယနေ့ကာလအထိ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များအပေါ် “ရွေ့လျားနိုင်ရန် (TO MOVE)၊ တိုက်ခိုက်နိုင်ရန် (TO FIGHT)၊ နေထိုင်နိုင်ရန် (TO LIVE)” ဆိုသည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ ဆောင်ပုဒ်နှင့်အညီ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ကျေပွန်အောင်စွမ်းဆောင်ခဲ့ကြသည်ကို အသိအမှတ်ပြုကြောင်း။ စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် တပ်မတော်နှင့် နိုင်ငံတော်၏ စစ်ဦးစီးနှင့် စစ်ထောက်ဆိုင်ရာ ရည်မှန်းချက်တာဝန်များကို ပံ့ပိုးကူညီနိုင်စေရန် ဖွဲ့စည်းထားသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခု ဖြစ်ကြောင်း။

စစ်အင်ဂျင်နီယာတပ်ဖွဲ့၏သမိုင်းကြောင်းကို လေ့လာကြည့်ပါက ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည် Madras Sapper Miners တပ်မှ ခွဲထွက်ပြီး Burma Sapper Miners တပ်အဖြစ် စတင်သန္ဓေတည်ပေါ်ပေါက်လာသည်ကို တွေ့ရှိရကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည့် မြန်မာ့တပ်မတော်တွင်လည်း စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ်ပါဝင်ပြီး တိုက်ခိုက်ရေးတာဝန်များနှင့် စစ်မြေပြင်အင်ဂျင်နီယာလုပ်ငန်းတာဝန်များကို ထမ်းဆောင်ကာ နိုင်ငံလွတ်လပ်ရေးအတွက် နယ်ချဲ့ကျူးကျော်သူများကို တိုက်ထုတ်ခဲ့သည်ကိုလည်း တွေ့ရကြောင်း။

၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် KNDO သောင်းကျန်းသူများက မေမြို့ (ယခု ပြင်ဦးလွင်မြို့) ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြကြောင်း၊ အဆိုပါအချိန်တွင် ပြင်ဦးလွင်မြို့တွင်ရှိနေသည့် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ အရာရှိ၊ စစ်သည်များသည် ရနိုင်သမျှသော လူအင်အား၊ လက်နက်အင်အားနှင့် ခဲယမ်းမီးကျောက်များ စုစည်းပြီး ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြသည့်အတွက် ပြင်ဦးလွင်မြို့ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်လှမောင်၏ဇနီး မချစ်ပို၏ ရဲစွမ်းသတ္တိသည် သမိုင်းတွင် မော်ကွန်းရေးထိုးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မချစ်ပိုသည် စစ်သားဇနီးပီသစွာနှင့် အရေးကြုံလာချိန်တွင် အာဇာနည်သူရဲကောင်းစိတ်ဓာတ်နှင့် မိမိအသက်ကို မငဲ့ကွက်ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့သူတစ်ဦးပင်ဖြစ်ကြောင်း၊ မချစ်ပိုသည် သောင်းကျန်းသူများကိုတိုက်ခိုက်ရင်း ၁၉၄၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် သောင်းကျန်းသူများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရပြီး သူရဲကောင်းပီသစွာဖြင့် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း၊ ထိုသို့မချစ်ပို၏ သူရဲကောင်းပီသမှုနှင့် ရဲစွမ်းသတ္တိပြည့်ဝမှုများကို ၁၉၅၀ ပြည့်နှစ်မှာ နိုင်ငံတော်က သူရဘွဲ့ပေးအပ်ပြီး အသိအမှတ်ပြုချီးမြှင့်ခဲ့ခြင်းကြောင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ဂုဏ်ကို ဆောင်နိုင်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော သူရဘွဲ့ရအမျိုးသမီးတစ်ဦးအဖြစ် ဂုဏ်ယူဖွယ် မော်ကွန်းတင်နိုင်ခဲ့ကြောင်း။

ထိုသို့ထူးချွန်ပြောင်မြောက်စွာဖြင့် ရဲစွမ်းသတ္တိပြသနိုင်ခဲ့သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ကို ဂုဏ်ပြုသည့်အနေနဲ့ ပြင်ဦးလွင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ၁၉၄၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်ကို စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းလည်းဖြစ်ကြောင်း၊ ဂုဏ်ပြုမှတ်တမ်းတင်ထိုက်သည့် တာဝန်ထမ်းဆောင်နိုင်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ်သစ္စာစောင့်သိမှု၊ တပ်ဖွဲ့၏အစဉ်အလာကောင်းတစ်ခုအဖြစ် သာဓကတင်အောင် စွမ်းဆောင်နိုင်မှုတို့အတွက် တပ်ဖွဲ့ဝင်အဆင့်အတန်းအားလုံးတို့၏ စံနမူနာပြဖြစ်စေရန် စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းသည် ယနေ့ဆိုပါက (၇၅) နှစ်ဆိုသည့် စိန်ရတုကာလကို ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း။

ခေတ်အဆက်ဆက် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ စွမ်းဆောင်မှုများကို ကြည့်မည်ဆိုပါက လွတ်လပ်ရေးရပြီးချိန်ကစပြီး ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေး စစ်ဆင်ရေးများတွင် စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် စစ်မြေပြင်အင်ဂျင်နီယာ အကူပေးတာဝန်များအပြင် ခြေလျင်တပ်များနှင့်အတူ ရဲဝံ့စွန့်စားစွာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့မှ အရာရှိ၊ စစ်သည်များသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်တည်ဆောက်ရေးအတွက် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သကဲ့သို့ နယ်စပ်ဒေသများတွင်လည်း လမ်းဖောက်ခြင်း၊ တံတားများတည်ဆောက်ခြင်းနှင့် တပ်မတော်အတွက် မရှိမဖြစ်လိုအပ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းစသည့် အင်ဂျင်နီယာပိုင်းဆိုင်ရာလုပ်ငန်းများကို ထမ်းဆောင်ခဲ့ကြကြောင်း။

စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် စစ်ကျန်မြေမြှုပ်မိုင်းများ ရှင်းလင်းရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး (Humanitarian Demining) လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထူးမိုင်းရှင်းလင်းရေးအဖွဲ့ (EOD Squad) များကို စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများတွင် ဖွဲ့စည်းထားရှိပြီး မြို့တွင်းမိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် စစ်ကျန်မကွဲဗုံးသီးများ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။

တပ်မတော်အနေဖြင့် နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်မဆိုင်းဘဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများ၊ အတတ်ပညာများ၊ စက်၊ ယာဉ်၊ ယန္တရားများနှင့် အင်တိုက်အားတိုက် ပါဝင်ကူညီစေလျက်ရှိကြောင်း။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ ဗုဒ္ဓါဘိသေက အနေကဇာတင် ပြီးစီးခဲ့ပြီး ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ဆစ်ရုပ်ပွားတော်ကြီးတစ်ဆူဖြစ်လာခဲ့သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေးအတွက် စစ်အင်ဂျင်နီယာတပ်ဖွဲ့က သယ်ယူပင့်ဆောင်ရေးအပိုင်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်အပြင် ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်နှင့် အုပ်ချုပ်မှုအဆောက်အဦစသည်များကိုတာဝန်ယူပြီး ကုသိုလ်ပြု ပါဝင်တည်ဆောက်ခွင့်ရရှိခဲ့ခြင်းသည် စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ သမိုင်းဝင်မှတ်တမ်းများပင်ဖြစ်ကြောင်း။

ထိုသို့စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် နိုင်ငံတော်ကချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့၊ ဘွဲ့ထူးဂုဏ်ထူးဆောင်တံဆိပ် ရရှိသူများစွာရှိကြောင်း၊ တပ်ဖွဲ့နေ့အဖြစ် စတင်သတ်မှတ်ခဲ့သည့်နေ့မှ ယနေ့စိန်ရတုကာလအထိ သူရမချစ်ပိုအပါအဝင် “သူရဘွဲ့” ချီးမြှင့်ခံရသူ ၅ ဦး၊ “သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်” ချီးမြှင့်ခံရသူ ၁၃၆ ဦး၊ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်” ချီးမြှင့်ခံရသူ ၅၇ ဦး၊“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်” ချီးမြှင့်ခံရသူ ၁၀၃ ဦးနှင့် “တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်လက်မှတ်” ချီးမြှင့်ခံရသူ ၂၄ ဦးအထိ ရှိခဲ့ကြောင်း၊ ထို့ပြင် အင်ဂျင်နီယာပိုင်းဆိုင်ရာ တာဝန်များမှာ ထူးချွန်စွာ စီမံဆောင်ရွက်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် “ဂုဏ်ထူးဆောင် ဘွဲ့” ဖြစ်သည့် စည်သူဘွဲ့နှင့် ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသူ ၁ ဦး၊ သီရိပျံချီဘွဲ့ ချီးမြှင့်ခံရသူ ၁ ဦး ၊ ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့်ခံရသူ ၈ ဦး၊ သိပ္ပကျော်စွာဘွဲ့ ချီးမြှင့်ခံရသူ ၁ ဦး စုစုပေါင်း ၁၁ ဦး နှင့်“စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်” ဖြစ်သည့် စီမံထူးချွန်တံဆိပ် (ပထမ) ဆင့် ၈ ဦး၊ စီမံထူးချွန်တံဆိပ် (ဒုတိယ) ဆင့် ၁၆ ဦး၊ စီမံထူးချွန်တံဆိပ် (တတိယ) ဆင့် ၂၃ ဦး၊ လူမှုထူးချွန်တံဆိပ် (ဒုတိယ) ဆင့် ၁ ဦး၊ လူမှုထူးချွန်တံဆိပ်(တတိယ)ဆင့် ၁ ဦး၊ စက်မှုစီးပွားထူးချွန်တံဆိပ် (တတိယ) ဆင့် ၄ ဦး၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယ) ဆင့် ၃ ဦး၊ နည်းပညာထူးချွန်တံဆိပ် (တတိယ) ဆင့် ၇ ဦး၊ စုစုပေါင်း ၆၃ ဦးအထိ ထိုက်တန်စွာ ရရှိခဲ့ကြခြင်းကြောင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းက တပ်မတော်၏ လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ်ပါဝင်ခဲ့သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် ယနေ့ဆိုပါက နိုင်ငံတကာအဆင့်မီသည့် စစ်လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ် ဝင့်ကြွားထည်ဝါစွာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် စစ်အင်ဂျင်နီယာတပ်ဖွဲ့အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များသည် နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်လာသည့်တာဝန်များအပေါ် ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့ကြသည်ကိုလည်း (၇၅) နှစ်တာခရီးမှာ အကြိမ်ကြိမ် သက်သေပြခဲ့ကြပြီးဖြစ်ကြောင်း၊ ထို့ကြောင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါအစဉ်အလာကောင်းများကို လက်ဆင့်ကမ်း တာဝန်ယူထိန်းသိမ်းသွားကြပြီး အနာဂတ်မျိုးဆက်သစ် စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များကို အဖိုးတန်အမွေအဖြစ် လက်ဆင့်ကမ်းပေးအပ်သွားကြရမည်ဖြစ်ကြောင်း၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များအနေဖြင့် ချမှတ်ထားသည့်ကြွေးကြော်သံများ၊ ဆောင်ပုဒ်များအတိုင်း ကျရာတာဝန်များကို ကျေပွန်အောင် ဆက်လက်ထမ်းဆောင်သွားကြရန်လိုကြောင်း။

စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များသည် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် အင်ဂျင်နီယာဆိုင်ရာနည်းပညာများကို ကြိုးစားလေ့လာပြီး စွမ်းရည်ထက်မြက်သည့် တပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားတည်ဆောင်ကြရန်မှာကြားရင်း (၇၅) နှစ်မြောက် စိန်ရတု စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့မှသည် နောင်လာမည့်ရတုများစွာတိုင်အောင် “အင်ဂျင်နီယာစွမ်းရည်ထက် အောင်နိုင်တိုက်ပွဲဆက်” ဆိုသည့်အတိုင်း နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် စစ်အင်ဂျင်နီယာတပ်ဖွဲ့ညွှန်ကြားရေးမှူးက တပ်ဖွဲ့သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အထိမ်းအမှတ် မှတ်တမ်း Documentary Video ကို ပြသသည်။ ယင်းနောက် (၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြစ်သည့် “သမိုင်းတွင်သော စစ်အင်ဂျင်နီယာ” တေးသီချင်းကို စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက ဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ စစ်အင်ဂျင်နီယာတပ်ဖွဲ့ညွှန်ကြားရေးမှူးက (၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အထိမ်းအမှတ်လက်ဆောင်ကို နေရာအရောက် ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက်လာကြသည့် အငြိမ်းစား စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများနှင့်အတူ (၇၅) နှစ်မြောက် စိန်ရတု စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အထိမ်းအမှတ် ပြခန်းများအတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇၅) နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အထိမ်းအမှတ်အဖြစ် တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။