Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြား

နေပြည်တော် ဖေဖော်ဝါရီ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများ တက်ရောက်ကြသည်။

အလေးအနက်ထား၍ဆောင်ရွက်

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် တက်ရောက်ရန်အတွက် သင်တန်းသားများရွေးချယ်ရာတွင် ယခင်က တပ်မတော်အရာရှိကြီးများကိုသာ ရွေးချယ်ခဲ့သော်လည်း ယခုအချိန်တွင် အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကိုလည်း တက်ရောက်စေခဲ့ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့်ကာကွယ်ရေးစသည့် အမြင် ၄ မြင် ဖြင့် ပြည့်စုံစွာထည့်သွင်းစဉ်းစား တွက်ချက်ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံတော်အတွက် လိုအပ်ချက်များဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းအကြီးအကဲများသည် တာဝန်ထမ်းဆောင်ရာတွင် အထက်ပါအမြင် ၄ မြင်ဖြင့် စဉ်းစားဆောင်ရွက်တတ်ရန်လိုကြောင်း၊ သင်တန်းသားများအနေဖြင့် အချင်းချင်းဆွေးနွေးခြင်း၊ ဖတ်ရှုလေ့လာခြင်းတို့ကို တစ်နှစ်တာကာလအတွင်း ဆွေးနွေးလေ့ကျင့်ပေးခြင်းဖြစ်သဖြင့် တန်ဖိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးပြုနိုင်သည့် အရာရှိကြီးများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့တွေ့ရှိချက်များကို မိမိဘဝအတွက်၊ နိုင်ငံ့အတွက်အထောက်အကူရအောင် အလေးအနက်ထား၍ ဆောင်ရွက်ကြရန်လိုကြောင်း။

နိုင်ငံ့အကျိုးအတွက်ဆောင်ရွက်

နိုင်ငံရေးအပိုင်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့်သမိုင်း ကြောင်းရှိသည့်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ခေတ်အလိုက်တိုးတက်မှုများရှိခဲ့သော်လည်း ခေတ်ပြိုင်နိုင်ငံများဖြစ်သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တို့၏နောက်တွင် တဖြည်းဖြည်းကျန်ခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အချက်ပညာရပ်နှင့် စက်မှုပညာရပ်တို့တွင် အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မှုမရှိခဲ့ဘဲ နောက်တွင် ကျန်နေခဲ့ကြောင်း၊ ယင်းအချက်အလက်များကို အခြေခံ၍ သင်ခန်းစာဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ဦးစွာပြောကြားသည်။

အကျယ်တဝင့် ဆွေးနွေးပြောကြား

ထို့နောက် ကိုလိုနီနယ်ချဲ့နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏ သယံဇာတရင်းမြစ်များကို ရယူလိုမှုဖြင့် နယ်ချဲ့ခဲ့မှုနှင့် လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ လွတ်လပ်ရေးမရမီကာလနှင့် လွတ်လပ်ရေးရပြီးကာလတွင် ဆိုရှယ်လစ်စနစ်နှင့် အရင်းရှင်စနစ်တို့၏ အားပြိုင်ခဲ့မှုအခြေအနေများ၊ ကိုလိုနီအစိုးရ၏ သွေးခွဲ အုပ်ချုပ်မှုနှင့် နိုင်ငံရေးအရ အယူဝါဒကွဲပြားမှုများကြောင့်ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ၊ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများ၌ လက်နက်ကိုင်ပဋိပက္ခများနှင့် စီးပွားရေး အယူဝါဒကွဲပြားခဲ့မှု အခြေအနေများ၊ ဆိုရှယ်လစ် စနစ်၌ စီမံခန့်ခွဲမှုအားနည်းချက်တို့ကြောင့် စီးပွားရေးကျဆင်းခဲ့ကာ အရေးအခင်းများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏အခြေအနေယိမ်းယိုင်လာခဲ့ကာ အချုပ်အခြာအာဏာ ပြိုကွဲမည့်အခြေအနေနှင့် ရင်ဆိုင်လာခဲ့ရသဖြင့် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် တည်ဆဲအစိုးရ၏လုပ်ငန်းများ ရပ်တန့်ခဲ့ရသောကြောင့် တပ်မတော်က ဝင်ရောက်ထိန်းသိမ်း တာဝန်ယူဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ နောက်ပိုင်းတွင် ပြည်သူလူထု၏ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်သွားနိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရေးအတွက် ကိုက်ညီသည့်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူ လူထုနှင့် အလွှာပေါင်းစုံမှအစုအဖွဲ့များပါဝင်သော အမျိုးသားညီလာခံ၌ အချေအတင်ဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်၌ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် အတည်ပြုနိုင်ခဲ့သည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပွားခဲ့ချိန်၌ ဥပဒေနှင့်အညီဖြေရှင်းမှုများ ဆောင်ရွက်ပေးခဲ့ခြင်းမရှိခြင်းကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် ၂ ရပ်၊ အမျိုးသားရေးရည်မှန်းချက် ၂ ရပ် ချမှတ်၍အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်များနှင့် ဦးတည်ချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်အတွက်အဓိကကျသည့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားများ ကောင်းမွန်စေရေး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်