Skip to main content

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၂၄

၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများ လောင်းလှူကြသည်။

အခမ်းအနားသို့ အထူးပင့်ဖိတ်ထားသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့ အမှူးပြုသည့် ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူကြမည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဇနီး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရ လူပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြသည်။

အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးထံမှ  ငါးပါးသီလခံယူဆောက်တည်ကြသည်။

ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တ သုဇနပီယမဟာထေရ်က သမ္မောဒနီယဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့၊ ဗုဒ္ဓသာသနာ့သိပ္ပံကျောင်းနှင့် စိန်မမပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမနထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ မန္တလေးမြို့၊ မဟာဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော် ဘဒ္ဒန္တသုဇနပီယထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဗဟန်းမြို့နယ်၊ မဟာစည် သာသနာ့ရိပ်သာမဟာနာယက ဘဒ္ဒန္တဝါသဝထံလည်းကောင်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ပဲခူးမြို့၊ ဇေယျာသီရိအသောကကျောင်းဆရာတော် ဘဒ္ဒန္တသိရိန္ဒထံလည်းကောင်း ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ကြသည်။

ဆက်လက်၍ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယဘွဲ့ရရှိသည့် ဆရာတော်ကြီးများထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီးက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ စစ်ကိုင်းမြို့၊ ဇေယျသိင်္ဂီသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဂုဏဝတီနှင့် မုံရွာမြို့၊ ဧသုဝတီသီလရှင်စာသင်တိုက် သီလရှင်ဆရာကြီး ဒေါ်ဓမ္မေသီတို့ထံ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်ပူဇော်ကြသည်။

ဆက်လက်၍ သာသနာနုဂ္ဂဟဘွဲ့တံဆိပ်များကို ချီးမြှင့်အပ်နှင်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဘွဲ့ရရှိသူ ဒေါက်တာမောင်မောင်ဦး၊ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ ရရှိသူများဖြစ်ကြသည့် ဦးမန်းစိန်နှင့် ဦးဝမ်ရှင်းရွှေတို့အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သီရိသုဓမ္မမဏိဇောတဓရဘွဲ့ရရှိသူ ဦးအောင်ကိုဇော်အား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးက အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီဘွဲ့ရရှိကြသည့် ဒေါ်စန်းစန်းဝေနှင့် ဒေါ်နုနုငယ်၊ သီရိသုဓမ္မသိင်္ဂီဘွဲ့ ရရှိကြသည့် ဒေါ်တင်ညွန့်၊ ဒေါ်မြဝင်းနှင့် ဒေါ်နီနီကျော်တို့အားလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၏ ဇနီးက သီရိသုဓမ္မသိင်္ဂီဘွဲ့ရရှိကြသည့် ဒေါ်မော်မော်ညွန့်၊ ဒေါ်ဌေးဌေးယဉ်နှင့် ဒေါ်ခိုင်ပြည့်စုံကြိုင်တို့အားလည်းကောင်း ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းသည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ ဧည့်ပရိသတ်များက အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပြည်တွင်း/ ပြည်ပဆရာတော်၊ သံဃာတော် ၄၂၁ ပါး၊ သီလရှင်ဆရာကြီး ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၄၇ ဦးတို့ကို သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ပြီး ယနေ့ကျင်းပသည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားတွင် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ၅ ပါး၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၆ ပါး၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး ၂၁ ပါး၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၄၅ ပါး၊ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂၃ ပါး၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၈ ပါးနှင့် အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ၂ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၂ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။ ကျန်ရှိသည့် ဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အသီးသီးဆက်ကပ်ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အလှူရှင်များက ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော် အပူဇော်ခံတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ပရိဝုဏ်အတွင်းရှိ သက်ဆိုင်ရာမဏ္ဍပ်များမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။