Skip to main content

ဝါသီးနှံပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး

လူတို့အတွက် မဖြစ်မနေလိုအပ်သော အဓိကလိုအပ်ချက်များဖြစ်သည့် စားရေး၊ ဝတ်ရေး၊ နေရေးဟူသော အရေးသုံးပါးတွင် ဝတ်ရေးကို ဒုတိယအရေးအကြီးဆုံးကဏ္ဍအနေဖြင့် အသိအမှတ်ပြုထားသည်။ အဝတ်အစားသည် စားရေးကဲ့သို့ပင် လူသားတို့အတွက် အစဉ်အမြဲလိုအပ်နေသော ကုန်ပစ္စည်းဖြစ်သည်။ ထိုကုန်ပစ္စည်းအတွက် ဝါသီးနှံကို စိုက်ပျိုး၍ ချည်ထည်ကုန်ချောများ ထုတ်လုပ်ကြသည့်လုပ်ငန်းများကို နိုင်ငံတိုင်းနိုင်ငံတိုင်းက ဦးစားပေးလုပ်ကိုင်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဝါသီးနှံကို အဓိကဦးစားပေးသီးနှံအဖြစ် အစဉ်အဆက်စိုက်ပျိုးခဲ့ကြသည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဝါသီးနှံအထွက် တိုးရေးကို ဦးစားပေးလုပ်ကိုင်ကြပြီး အရည်အသွေးမြင့်မားသည့် ချည်ထည်များကိုထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း/ပြည်ပ ဈေးကွက်ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါများ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ ပြည်တွင်းရှိချည်မျှင်နှင့် အထည်စက်ရုံများအတွက်လိုအပ်သည့် အရည်အသွေးကောင်းဝါများ ထုတ်လုပ်ပြီး ပြည်ပမှတင်သွင်းနေရသည့် ဝါနှင့်ချည်များတင်သွင်းမှုကို လျှော့ချနိုင်ရန်၊ ဝါသီးနှံတန်ဖိုးကွင်းဆက်ဖွံ့ဖြိုးတိုးတက်ပြီး ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များ ကုန်ထုတ်လုပ်မှုမြင့်မားလာစေရန် ရည်ရွယ်ချက်များဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ချမှတ်ထားပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်နှင့်နေပြည်တော်ကောင်စီနယ်မြေဒေသများကို စီမံကိန်းဒေသများအဖြစ် သတ်မှတ်အကောင်အထည်ဖော်လျက်ရှိသည်။ စီမံကိန်းဒေသများတွင် ဝါစိုက်ဧရိယာနှင့် ဝါတစ်ဧကအထွက်နှုန်းပြည့်မီရေး၊ အရည်အသွေးကောင်း ဝါထွက်ကုန်များရရှိရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရေးရာသီတွင် စီမံကိန်းဒေသ တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုရှိ ဝါသီးနှံစိုက်ပျိုးရေးဇုန် ၁၉ ခုတွင် ဝါစိုက်ဧက ၆၁၂၇၁၂ ဧက စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

ဝါသီးနှံစိုက်ပျိုးရေးကို နှစ်စဉ်တိုးတက်စိုက်ပျိုးလျက်ရှိပြီး စီမံကိန်းကာလပြည့် ပြီးနောက် ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးဧရိယာဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တစ်ဧကအထွက်နှုန်း ဝါပိဿာချိန် ၇၀၀ ရရှိရေးအတွက် ဇုန်အလိုက်တာဝန်ခံများ ခန့်ထားတာဝန်ပေးအပ်ပြီး အထွက်တိုးရေးဆောင်ရွက် လျက်ရှိသည်။ မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးရေးဇုန်လေးခုတွင် ဧကနှစ်သိန်းခြောက်သောင်းကျော် လျာထားစိုက်ပျိုးသွားမည်ဟုသိရသည်။ မကွေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်စိုက်ပျိုးရေးရာသီ၌ ၁၇၂၇၉၃ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၃-၂၀၂၄ ခုနှစ်စိုက်ပျိုးရေးရာသီတွင် ၂၁၇၄၁၆ ဧက တိုးချဲ့စိုက်ပျိုးနိုင်ခဲ့သည်။ လာမည့် စိုက်ပျိုးရေးရာသီတွင် သတ်မှတ်ဧက ၂၆၆၈၀၀ စိုက်ပျိုးရန် လျာထားဆောင်ရွက် လျက်ရှိသည်။

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင်သည့် အခက်အခဲများ၊ အဟန့်အတားများကို သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ ပေါင်းစပ်ဖြေရှင်းနိုင်မှု စွမ်းအားများဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ထားသည်။ ယုံကြည်သည့်အတိုင်းလည်း လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်သောကြောင့် စိုက်ဧကများ တိုးတက်စိုက်ပျိုးနိုင်သည်ကို တွေ့ရသည်။ ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ အရည်အသွေးကောင်းဝါမျိုးများ အသုံးပြုနိုင်ရေး၊မျိုးစေ့ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ သီးနှံအရည်အသွေး၊ အထွက်နှုန်း၊ ဈေးကွက်အခြေအနေနှင့် တောင်သူများ ရေရှည်အကျိုးစီးပွားဖြစ်ထွန်းရေးကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာများက ပေါင်းစပ်ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ဝါသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေးပြည့်မီသောသွင်းအားစုများ အပြည့်အဝအသုံးပြုခြင်းဖြင့် အထွက်နှုန်းတိုးတက်ပြီး ဝါအရည်အသွေးမြင့်မားသည့် ထုတ်လုပ်မှု တိုးတက်လာစေရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အားပေးကူညီဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရများက အနီးကပ်ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိရာ စိုက်ဧကများတိုးတက်အောင်မြင်လာသည်။ တောင်သူများကလည်း တက်ညီလက်ညီဆက်လက်ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်လိမ့်မည်ဟုမျှော်လင့်သည်။

သို့ဖြစ်ရာ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသည် သဘာဝချည်မျှင်ထွက်ကုန်များကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် အရေးအပါဆုံး စက်မှုကုန်ကြမ်းသီးနှံပင် စိုက်ပျိုးရေး လုပ်ငန်းဖြစ်ရာ ဝါသီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်းထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြကာ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။      ။