Skip to main content

မမှန်သတင်းများရှောင်ရှား၍ နိုင်ငံကာကွယ်

နိုင်ငံလိုအပ်ချက်အရ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံအတွင်းနှင့် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံရှိ ပဋိပက္ခနှင့် တင်းမာမှုအခြေအနေများအပေါ် မူတည်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့နှင့် ၁၃ ရက်နေ့တို့၌ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဥပဒေပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့ အာဏာတည်အသက်ဝင်ပြီး လက်တွေ့အကောင်အထည်ဖော်နေပြီဖြစ်သည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတ်မှတ်ချက်အကျုံးဝင်သူများနှင့် ဆက်နွှယ်ကြသည့် မိဘဆွေမျိုးအသိုင်းအဝိုင်းများကြားတွင် သိရှိနားလည်သဘောပေါက်ရန် လိုအပ်ချက်များရှိနေသဖြင့် ဥပဒေများကို လေ့လာမှတ်သားပြီး ပြန်လည်ရှင်းလင်းအသိပေးကြရမည်ဖြစ်သည်။ အဆိုပါဥပဒေနှင့်ပတ်သက်၍ ပြည်သူများကြားတွင် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိရာ ထုတ်ပြန်ထားသည့် အချက်အလက်များကို သိရှိနားလည်သဘောပေါက်ကြသည့် ပြည်သူအချင်းချင်း ရှင်းလင်းအသိပေးကြသည်များရှိသလို မဟုတ်မမှန်လုပ်ကြံသတင်းများနှင့် သတင်းမှားများကိုအခြေခံ၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများအောင် ပြောဆိုနေကြသူများလည်းရှိသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံပိုင်မီဒီယာများ၊ ရုပ်သံလွှင့်နှင့် ရေဒီယိုအစီအစဉ်များမှ အသိပေးလျက်ရှိသော်လည်း ဥပဒေနှင့် နည်းဥပဒေပါ အချက်အလက်များကို အကြောင်းအမျိုးမျိုးဖြင့် မလေ့လာ၊ မသိရှိကြသဖြင့် လမ်းမှားပေါ်သို့ ရောက်ရှိသွားကြသည့် လူငယ်အချို့ရှိသည်ကို စိတ်မကောင်းဖွယ်ကြားသိရသည်။ အချို့လည်း လက်ရှိအခြေအနေများကို ပစ်ပယ်ပြီး ပြည်တွင်း/ ပြည်ပသို့ တိမ်ရှောင်သွားခြင်း၊ အချို့လည်း အကြမ်းဖက်အဖွဲ့အစည်းများ၏ လှုံ့ဆော်စည်းရုံးဝါဒဖြန့်မှုကိုနားယောင်ပြီး လုပ်ဆောင်မိခြင်းတို့မှ ကင်းဝေးအောင်မှန်သောအသိအမြင်များ မျှဝေပေးကြရမည်ဖြစ်သည်။

ဥပဒေကို သဘောပေါက်နားလည်အောင် လေ့လာခြင်းမရှိဘဲ မမှန်သတင်းစကားများ၊ သွေးထိုးလှုံ့ဆော်မှုများကို နားယောင်ပြီး မိမိဘဝ၊ မိမိ မိသားစုဘဝ အကြောင်းမဲ့ အချည်းနှီး ဆုံးရှုံးပျက်စီးခြင်းမရှိအောင် ဝိုင်းဝန်းစည်းရုံး ရှင်းလင်းပြောဆိုပေးကြရမည်ဖြစ်သည်။ ထို့ပြင် ထုတ်ပြန်ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး မသိနားမလည်သူတို့အပေါ် ဥပဒေနှင့်မညီသည့် ခြိမ်းခြောက်အကျပ် ကိုင်မှုမှတစ်ဆင့် ငွေကြေးနှင့် အခြားအခွင့်အရေးများ ရယူအမြတ်ထုတ်လိုသည့် အောက်ခြေမသမာသူအကျင့်ပျက်ဝန်ထမ်းအချို့နှင့် အဖွဲ့အစည်းအချို့ကို ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရန် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးရန်လိုသည်။

ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်နှင့်အညီ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်အညီ စနစ်တကျစာရင်းကောက်ယူ စိစစ်အတည်ပြုပြီးမှ ကာယကံရှင်ဆန္ဒနှင့်အညီ အတိုင်းအတာဖြင့် လက်ခံဆောင်ရွက်နေခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စာရင်းကောက်ယူခြင်း၊ ဆေးစစ်ခြင်းနှင့် အကျုံးဝင်သူများကို ဆင့်ခေါ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ကိုယ်တိုင်ဆန္ဒပြုသူ များစွာပါဝင်နေသည်ကိုတွေ့ရသည်။ ပြည်သူ့စစ်မှုထမ်းခြင်းကို အတင်းအကျပ်ဆန္ဒပြုစေခြင်းမျိုးမဖြစ်စေရန် အောက်ခြေတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရပ်ကျေးအဆင့် တာဝန်ရှိသူများအနေဖြင့် မဟုတ်မမှန်ပြောဆိုနေကြသည့် အခြေအနေမျိုးမဟုတ်ဘဲ စနစ်တကျ ဆောင်ရွက်သွားရန်လိုအပ်သည်။

ပြည်သူလူထုအတွင်း ထင်ယောင်ထင်မှားဖြစ်စေမည့် သတင်းမှားများ၊ ကောလာဟလသတင်းများ မလွှမ်းမိုးစေရေးအတွက် သတင်းမှန်များ အချိန်တို အတွင်းရောက်ရှိစေရန် ဆက်သွယ်ရေးမိုဘိုင်းအော်ပရေတာလေးခုမှ ပေးပို့လျက် ရှိသည့် သတင်းစကားများကို လေ့လာမှတ်သားရန်လိုအပ်သည်။ လူတိုင်းတွင် အကြောင်းအမျိုးမျိုးရှိမည်ဖြစ်၍ ဥပဒေပါ ကင်းလွတ်ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်များအပြင် ဗဟိုအဖွဲ့အစီအစဉ်ဖြင့် သတ်မှတ်ထားသည့် ကင်းလွတ်ခွင့်၊ ပေါ့လျော့ခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်များကိုလည်း ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ဖြန့်ဝေပေးထားပြီး ထပ်ဆင့်ရှင်းလင်းခြင်းများမှတစ်ဆင့် အထောက်အကူပြုပြီး စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။

ယခုအခါ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်သည့် လူငယ်လူရွယ်များကို ပထမအသုတ်အဖြစ် စုစည်းထားပြီး ဗဟိုအဖွဲ့အနေဖြင့် ပထမဆုံးဖွင့်လှစ်မည့်သင်တန်းကို ၂၀၂၄ ခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်ရန် ပြင်ဆင်ထားပြီးဖြစ်ရာ အဆိုပါလူငယ်လူရွယ်များအနေဖြင့် နိုင်ငံတော်တာဝန်ကို ဥပဒေနှင့်အညီ ကျေပွန်အောင်ထမ်းဆောင်နိုင်မည့် နိုင်ငံ့သားကောင်းများအဖြစ် ဂုဏ်ယူဖွယ်ရာ မြင်တွေ့ကြရတော့မည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းကို နိုင်ငံအများတွင်လည်း ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ကာလအတွင်း နိုင်ငံကို ကာကွယ်စောင့်ရှောက်ပေးသူများအဖြစ် မြင်တွေ့နိုင်သည်။

သို့ဖြစ်ရာ ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်နှင့်နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ပေးမည့် ဥပဒေဖြစ်၍ ထိုဥပဒေနှင့်ပတ်သက်ပြီး မဟုတ်မမှန်သတင်း စကားများ၊ မသမာသောလုပ်ဆောင်မှုများကို သတိပြုကာကွယ်ရှောင်ရှားနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပြီး နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ကြ မည့်သူများ အစဉ်အဆက်ပေါ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။          ။