Skip to main content

ပြည်ထောင်စုအတွက် အမျိုးသားရေးကြိုးပမ်း

နိုင်ငံဖွံ့ဖြိုးတိုးတက်မှ၊ ဓနဥစ္စာအင်အားကြွယ်ဝမှ၊ အရင်းအမြစ်ပေါများမှသာ နိုင်ငံ၏ အရေးအရာ ကိစ္စမှန်သမျှ အလွယ်တကူ အချိန်မရွေးဖြေရှင်းဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် နိုင်ငံများအနေဖြင့် မိမိတို့ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် နိုင်ငံတိုးတက်ရေး၊ ဥစ္စာဓနတောင့်တင်း ခိုင်မာ ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး တို့ကို အစဉ်အမြဲကြိုးပမ်းအားထုတ် နေကြသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးစနိုင်ငံဖြစ်သည်။ ချမ်းသာကြွယ်ဝသော နိုင်ငံ မဟုတ်ပေ။ စစ်မှန်သော ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နေပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာ အောင် ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲဆောင်ရွက်နေ သည်။ ထိုသို့ဆောင်ရွက်နေစဉ် အရေးအရာကိစ္စများ ပေါ်ပေါက်လာပါက ရရှိထားသည့် ဘဏ္ဍာငွေအင်အားများ၊ ရှိသမျှ အင်အားများဖြင့် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက် နေသည်။ အရေးပေါ်ကိစ္စတစ်ခုကို ပီပြင်ထိရောက် စွာ ဆောင်ရွက်နိုင်ရန် ငွေကြေး အင်အား၊ ပစ္စည်းအင်အား၊ လူ့အရင်း အမြစ် အင်အားတို့ကို အစွမ်းကုန်ထုတ်နုတ်သုံးစွဲရသည်။

ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းကြ ရာတွင် ချမ်းသာ ကြွယ်ဝသော နိုင်ငံများ၌ ရောဂါဆိုးဆိုးရွားရွားဖြစ်ခြင်းကို ပူပန်ရခြင်းထက် မချမ်းသာ မကြွယ်ဝသော နိုင်ငံ ငယ်များ၌ ရောဂါများများ စားစားဖြစ်လာမည်ကို ပိုမိုစိုးရိမ် ရပေသည်။ ချမ်းသာကြွယ်ဝသည့် နိုင်ငံ များမှာ ငွေကြေးဥစ္စာ၊ ပစ္စည်း၊ အရင်းအမြစ် ပေါများကြွယ်ဝသဖြင့် ဖြစ်ပေါ် လာသမျှသော ဒုက္ခအခက်အခဲများကိုမမှုဘဲ ရင်ဆိုင် ကျော်လွှားသွားနိုင်သော်လည်း မြန်မာနိုင်ငံကဲ့သို့ အဘက်ဘက်က အားနည်းသော နိုင်ငံအဖို့မှာမူ ခက်ခက်ခဲခဲ ရုန်းကန်ရသည့်အပြင် အရေးပေါ်ကာလပြီးဆုံးပြီး နောက် နိုင်ငံ အင်အားယိုင်နဲ့မသွားစေရေး ရေရှည်အတွက်လည်း မြော်တွေးလုပ်ဆောင် နေရသည်။

ကိုဗစ်-၁၉ ရေရောဂါဖြစ်ပွားနေသော ယနေ့ကာလတွင် ရခိုင်အရေး၊ ရန်ကုန်အရေး ဟူ၍ ခွဲခြား ဆောင်ရွက်နေ၍မရဘဲ ပြည်ထောင်စုကြီးအရေး၊ တစ်နိုင်ငံလုံးအရေးအဖြစ် လွှမ်းခြုံဆောင်ရွက် နေရသည်။ ရခိုင်ပြည်နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်ပြီး ငွေကြေး ၁၆ ဘီလီယံအသုံးပြု ထားရကာ ဆေးဝါးပစ္စည်းနှင့် ကျန်းမာရေးဆိုင်ရာအရင်းအမြစ်များကိုရောဂါ ဖြစ်ပွားမှု ကျယ်ပြန့်လျှင် ကျယ်ပြန့် သလောက် တိုးမြှင့်ဖြည့်စွက်ပေးနေရ သည်။

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အဘက်ဘက်တွင် လိုအပ်လျှင်လိုအပ် သလောက် ဖြည့်ဆည်းပေးလျက်ရှိသည်။ ပြည်ထောင်စု၏ မည်သည့်နေရာဒေသတွင် ဖြစ်ပွား သည်ဖြစ်စေ ပြည်ထောင်စုတစ်ခုလုံး၏ နာကျင်မှုစိတ်ဓာတ်ဖြင့် ချဉ်းကပ် ဆောင်ရွက် လျက်ရှိသည်။ ။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာလျှင် အဓိကဆောင်ရွက်ရသူများမှာ ကျန်းမာရေး ဝန်ထမ်းများ ဖြစ်ပြီး ပါဝင်ကူညီဆောင်ရွက်ကြရသူများမှာ ဆက်နွှယ်ရာအဖွဲ့အစည်း များနှင့် စေတနာ့ဝန်ထမ်း ပြည်သူများဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွင် အဓိကစိန်ခေါ်မှုနှင့် လိုအပ်ချက်မှာ စည်းလုံးညီညွတ်မှုနှင့် ပြည်သူများ၏ တာဝန်သိမှုဖြစ်သည်။ ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများမှာ ၎င်းတို့၏ ပင်မတာဝန် များအပြင် ကိုဗစ်-၁၉ ရောဂါ တိုးလျှင်တိုးသလောက် ဘဝများကို ပေးဆပ်၍ ၂၄ နာရီ ထမ်းဆောင်နေကြသည်။

ရောဂါဖြစ်မှု နည်းလျှင် နိုင်နိုင်နင်းနင်းဆောင်ရွက်နိုင်ပြီး ဖြစ်ပွားမှုများလျှင် မနိုင်မနင်း ဖြစ်လာနိုင်သည်။ ထို့ကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးကို ဆောင်ရွက်ရာ၌ ပြည်သူ မပါလျှင် ထိထိရောက်ရောက် လုပ်ကိုင်နိုင်မည်မဟုတ်ပေ။ ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက် မှုသည် အဓိကဖြစ်သည်။ ။

ကိုဗစ်-၁၉ ရောဂါ တိုးခြင်း၊ လျော့ခြင်းမှာ ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးနိုင်မှုသည် အဓိက ဆိုခြင်းထက် ပြည်သူများ၏ အသိတရားရှိရှိ ပါဝင်ခြင်း၊ မပါဝင်ခြင်းသည် ပို၍ အဓိကကျသည်။ ပို၍အရေးပါသည်။ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကို ကျော်လွှားနိုင်ရေးအတွက် ငွေကြေး၊ ဆေးဝါးပစ္စည်း၊ လူအရင်းအမြစ်များ အစွမ်းကုန် ထုတ်နုတ် သုံးစွဲပေးလျက်ရှိ နေသည်ကို ပြည်သူများအနေဖြင့် သိမြင်နားလည်ပြီး အသိတရားရှိရှိ လက်တွဲပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့ကြောင့် ပြည်သူများအားလုံး အသိတရားဖြင့် ပူးပေါင်းဆောင်ရွက် ကြဖို့ တိုက်တွန်း လိုသည်။ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေးသည် အသစ် အဆန်း မဟုတ်ပေ။ အတွေ့အကြုံရှိပြီးသားလည်း ဖြစ်သည်။ မလိုအပ်ဘဲ အိမ်ပြင်မထွက်ပါနှင့်၊ သတ်မှတ်ထား သောမြို့နယ်ဖြစ်လျှင် အိမ်မှာနေပါ။ ပြည်သူအားလုံး နှာခေါင်း စည်းဝတ်ပါ၊ လက်ကို ဆပ်ပြာနှင့်ဆေးပါ။ လူစုလူဝေးများကို ရှောင်ရှားပါ၊ ဖြစ်နိုင်လျှင် တစ်ယောက်နှင့်တစ်ယောက်

ခြောက်ပေစီလောက်ခွာထားပါ။ ရောဂါပိုးသံသယရှိလျှင် သက်ဆိုင်ရာ ဌာနများသို့ ချက် ချင်း အကြောင်းကြားပါ။

သို့ဖြစ်ရာ ပြည်သူသာလျှင် အဓိကဖြစ်၍ ကျန်းမာရေးဆိုင်ရာ အခြေခံ စည်းမျဉ်း၊ စည်းကမ်း များကို ပြည်သူတိုင်း ပြည်သူတိုင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်ချင်း အားလုံးလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စု နိုင်ငံတော်ကြီး ရောဂါဘေးမှ ကင်းဝေးစေမည် ဖြစ်သည်။ ပြည်ထောင်စုကြီး ရေရှည်အကျိုးစီးပွားအတွက် အမျိုးသား ရေး စိတ်ဓာတ်ဖြင့် ပံ့ပိုးကူညီရာ ရေကျောက်ပေမည်။ ။