မြန်မာနိုင်ငံ၌ ပြည်သူလူထုအကြား အပြော အဆို အများဆုံးသော ခေါင်းစဉ်တစ်ခုမှာ ဥပဒေ စိုးမိုးရေး ဟုဆိုသော် မှားအံ့မထင်။
မြန်မာပြည်သူတို့သည် ရုံးရောက် ဂတ်ရောက်ဆိုသည့် ကိစ္စကို အလွန်အင်မတန် စိုးရိမ်ကြောင့်ကြတတ်ကြသည်။ ငွေများတရားနိုင်ဟူသည့် အစဉ်အလာစကားမှာ အမှန်တရား သဖွယ် ဖြစ်ခဲ့သည်။ ဩဇာအာဏာကြီးသူ၊ ငွေရှိသူတို့က ဥပဒေကို နည်းနည်း လေးမှ ကြောက်လေ့မရှိ။ ထို့ကြောင့်ပင် သာမန်လူထုအတွင်းတွင် တရားတပေါင် ဖြစ်ရမည်ကို အကြောက်ကြီးကြောက်ကာ ရှောင်ကြ လေသည်။ စိတ်ထား ဆိုးညစ်မမှန်ကန်သူတို့က ထိုအလေ့အထကို အလွဲသုံးကာ ရိုးသားသည့် လူထုအပေါ် အနိုင်ကျင့်လေ့ရှိသည်။ ထိုသူတို့သည် မသိနားမလည်သူတို့ကို ဥပဒေနှင့် တရားရုံးနှင့် ရဲစခန်းနှင့် ခြိမ်းခြောက်လေ့ရှိပြီး သာမန်လူတန်းစားတို့မှာ ခံမပြောဝံ့ ပြန်စောဒက မတက်ဝံ့ဖြင့် အရှုံးပေး နှလုံးအေး နေကြရလေ သည်။
ရဲ၊ တရားရုံး၊ ဥပဒေဆိုသည်တို့မှာ လူအများကို ကာကွယ် ၊ စောင့်ရှောက်ဖို့ ဖြစ်၏။ အမှန်တော့ ဥပဒေဟူသည် လူ့အသိုက်အမြုံ တစ်ခု အေးချမ်းလုံခြုံစွာ တည်တည် ငြိမ်ငြိမ် နေထိုင်အသက်ရှင် နိုင်ရေးအတွက် တည်ရှိနေခြင်းသာ။ ဥပဒေဟူသည် တရား မျှတမှု၊ ပြည်သူလူထုကို စောင့်ရှောက်ကာကွယ်ပေးမှု၊ လူအချင်းချင်း မတရားမ ပြုနိုင်အောင် တားဆီးပေးနိုင်မှုတို့ကို အာမခံနိုင်ရမည်သာ။ သို့သော်လည်း မြန်မာ နိုင်ငံ၌ ထွန်းကားခဲ့သော နိုင်ငံရေး၊ အုပ်ချုပ်ရေး စနစ်တို့သည် အာဏာရှိသူ၊ ငွေရှိသူ တို့ကို အထူးအလေး ထားသည့် စနစ်မျိုးဖြစ်ရာ လူထုမှာ ထိုသို့ အကာအကွယ် အစောင့်အရှောက်ကို ခံရဖို့ ဝေးလှပေ၏။ အာဏာရှိသူ အသိုင်း အဝိုင်းက ဥပဒေကို လိုသလို ဆွဲယူကာ ဖိနှိပ်ချုပ်ချယ်ကြ သည်များကို ပြည်သူလူထုမှာ ခံပြီးရင်း ခံခဲ့ကြ ရပေသည်။ ထိုသို့ ခံရသည်မှာ များလွန်းလာသည့်အခါ လူထု ကိုယ်တိုင်သည်လည်း ဥပဒေနှင့် လက်တစ်လုံးခြား နေတတ်ထိုင်တတ်ဖြစ် လာခဲ့ကြ ပေသည်။
ထို့အတွက်ကြောင့် နိုင်ငံတော်အတွက် ကြီးကျယ်သော နစ်နာဆုံးရှုံးမှုတစ်ရပ်မှာ ရဲ၊ တရားရုံး၊ ဥပဒေအစရှိသည့် ယန္တရား အစိတ်အပိုင်းအသီးသီးတို့ကို လူတို့က အားကိုး အားထားပြုရာဟု မသတ်မှတ်ကြတော့၊ သဘောမထားကြတော့သကဲ့သို့ ဖြစ်လာ ခြင်းပင်။
ဤသို့ဖြင့် အာဏာရှိ၊ ငွေရှိသူများသည် တရားဝင် ထင်ရာ လုပ်ခွင့် ရှိသူများ သဖွယ်ဖြစ်ခဲ့၏။ ယင်းနှင့် တစ်ပြိုင်နက် တည်းတွင် လက်ရဲ ဇက်ရဲသမားများ၊ လူဆိုးလူမိုက်များလက်ထဲ၌ ဥပဒေ ဟူသည်က အရေးမပါသလို ဖြစ်ခဲ့သည်။ ။
ယနေ့ကာလ ပြည်သူ့အစိုးရခေတ်အထိ ထို အတွေးအယူများ၊ အလေ့အထများက နေရာများ စွာတွင် ဆက်ခံရယူမိလျက်သား ဖြစ်နေသည့်အလျောက် ပြည်သူလူထုမှာ ဥပဒေဟူသည် မိမိကို အကာအကွယ်ပေးမည့်၊ စောင့်ရှောက်ပေးမည့်၊ အားကိုးရမည့် အရာဟု မမှတ်ယူသေးဘဲရှိ နေသည်ကို နေရာများစွာ၌ တွေ့နေရ ဆဲဖြစ်ပါ၏။
ယခု ကိုဗစ်ရောဂါဘေး ကျရောက်ချိန်တွင် အခါအားလျော်စွာ လိုအပ်သလို ထုတ်ပြန် သော ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများ သည် မိမိတို့ ပြည်သူလူထုကို ကပ်ရောဂါ ဘေးအန္တရာယ် အလွယ် တကူ မကျရောက်အောင် ကာကွယ်ပေးရန် ထုတ်ပြန်ခြင်း ဖြစ်သည်ဟု အမြင်မှန်မရောက်ကြခြင်းများပင် ရှိနေသည်ကို သတိပြုမိပါသည်။
ခေတ်သစ် စနစ်သစ်ဆီသို့ ကူးပြောင်းဖို့ အားထုတ်နေကြ သည့် ပြည်သူ့ အစိုး ရခေတ်တွင် အချို့သော အတွေးအယူဟောင်း များ အလေ့အထဟောင်းများကို ပြုပြင် ကြရန် လိုအပ်ပါမည်။ ပြည်သူလူထုအနေဖြင့် ဥပဒေဟူသည် မိမိကို အကာ အကွယ် ပေးမည့်၊ စောင့်ရှောက်ပေးမည့်၊ အားကိုး အားထား ပြုရမည့်အရာ ဟု မှတ်ယူ ကြရန် လိုအပ်ပါမည်။ ။
ထို့ထက်ပို၍ အထူးဂရုပြုကြရန်မှာ ဥပဒေစိုးမိုးရေးကို စောင့် ရှောက်ပေးနိုင်မည့် နယ်ပယ် အသီးသီး၊ ယန္တရားအသီးသီးမှ တာဝန်ရှိ သူများက တရားမျှတမှုရှိရေးကို ဦးစားပေးခြင်း၊ ဥပဒေစိုးမိုးမှုကို ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ခြင်း၊ ကိုယ်တိုင်လည်း ဥပဒေနှင့် မျှတမှုကို လေးစားလိုက်နာခြင်း၊ ဥပဒေစိုးမိုးရေးကို ဝိုင်းဝန်းမြှင့်တင်ထူထောင်ပေးကြခြင်း စသည်တို့အားဖြင့် ပြည်သူ လူထုက တရားဥပဒေကို ပိုမိုယုံကြည် ကိုးစားကြမည်၊ ဥပဒေများကို ၊ လိုက်နာကြမည်၊ ဥပဒေ ဘောင်တွင်း နေထိုင်ခြင်းကို အလေးထား မြတ်နိုး နှစ်သက်ကြမည်ဟု ယုံကြည် ရပါကြောင်း။ ။