Skip to main content

စံနမူနာပြုကြရမည့် နိုင်ငံ့သားကောင်းလူငယ်များ

နိုင်ငံသားကောင်းတိုင်း မိမိနိုင်ငံကိုချစ်မြတ်နိုးကြသည်။ နိုင်ငံတကာနှင့်ယှဉ်လျှင် ကိုယ့်နိုင်ငံကို ကမ္ဘာ့အလယ်ဝင့်ထည်စေချင် ကြသည်။ ကိုယ့်နိုင်ငံကို ငြိမ်းချမ်းသာယာသည့်နိုင်ငံ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်စေချင်ကြသည်။ ငြိမ်းချမ်းသာယာ ခေတ်မီဖွံ့ဖြိုးသည့်နိုင်ငံ၏ နိုင်ငံသားအဖြစ်လည်း ဂုဏ်ယူဝင့်ကြွားလိုကြသည်။

နိုင်ငံကောင်းမွန်စေရန်အတွက်ဆိုလျှင် အဖျက်အဆီးမရှိ တညီတညွတ် ဝိုင်းဝန်းတည်ဆောက်ကြမှသာလျှင် ဖြစ်နိုင်သည်။ တစ်ယောက်လုပ်သည်ကို တစ်ယောက်ကဖျက်၍ အကွဲကွဲအပြားပြား တစ်လမ်းစီသွားကာ ကိုယ်ထင်ရာကိုယ်စိုင်း တိုက်ခိုက်သတ်ဖြတ်နေသရွေ့ နိုင်ငံသည် မည်သည့်အခါမျှမကောင်းနိုင်။ ယင်းသို့သော နိုင်ငံမျိုးတွင် နိုင်ငံသားတို့၏ဘဝသည်လည်း နေ့စဉ်နှင့်အမျှ ဆုတ်သည်ထက်ဆုတ်၊ နစ်သည်ထက်နစ်ကြရမည်ဖြစ်သည်။ နိုင်ငံပြိုကွဲပျက်စီးမသွားစေရန်နှင့် နိုင်ငံသူနိုင်ငံသားတို့၏ဘဝများ ကစဉ့်ကလျားဖြစ်မသွားစေရန်အတွက် နိုင်ငံ၏ကာကွယ်ရေးအင်အား ခိုင်မာတောင့်တင်းနေရန်လိုသည်။ ခိုင်မာတောင့်တင်းသော၊ အင်အားကြီးမားသော ကာကွယ်ရေးစွမ်းအားဖြင့်သာလျှင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို ဘေးအန္တရာယ်အသွယ်သွယ်မှ ကာကွယ်ပေးနိုင်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် နိုင်ငံတစ်ဝန်းတွင် လက်နက်ကိုင်သောင်းကျန်းသူမျိုးစုံတို့ ထကြွသောင်းကျန်းခဲ့ကြသည့်ကာလရှိခဲ့ရာ ယနေ့မြန်မာနိုင်ငံ၏ အခြေအနေသည် ထိုခေတ်ကာလနောက်ပိုင်းတွင် အဆိုးဆုံးဟုဆိုရမည့်အခြေအနေတွင် ရောက်ရှိနေသည်။ ထို့အပြင် ပြည်ပနိုင်ငံကြီးအချို့၏စွက်ဖက်မှု၊ ဖိအားပေးမှုများလည်းရှိနေရာ ဘိုးဘွားစဉ်ဆက် နှစ်ပေါင်းထောင်ချီ တည်ဆောက်ခဲ့သည့်နိုင်ငံမှာ အချိန်မရွေးပျက်စီးပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်ရှိနေပြီဖြစ်ပြီး ယင်းအန္တရာယ်ကို ကာကွယ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ နိုင်ငံ၏ကာကွယ်ရေးအင်အားကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်ရန်ပင်ဖြစ်သည်။ နိုင်ငံတော်တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသည်နှင့်အညီ ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်၊ နိုင်ငံတော်ကိုကာကွယ်နိုင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီ ၁၀ ရက်တွင် ယင်းဥပဒေကို အသက်ဝင်စေခဲ့သည်။

ယင်းဥပဒေအရ စစ်မှုထမ်းဆောင်နိုင်ရန်အတွက် မတ် ၉ ရက် မှစ၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)တွင် တက်ရောက်ရန်ဆင့်ခေါ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် လူငယ်များ မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာခဲ့ကြသည်။ အဆိုပါလူငယ်များအနက်မှ အရည်အချင်းကိုက်ညီသူများအားစုဖွဲ့၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)ကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီးတွင်သင်တန်းဖွင့်ပွဲများကို ဧပြီ ၈ ရက် နံနက်ပိုင်းတွင်ကျင်းပခဲ့ရာ ယင်းမြင်ကွင်းများမှာ နိုင်ငံနှင့်ပြည်သူကို ချစ်မြတ်နိုးကြသည့် နိုင်ငံသားတိုင်းအဖို့ ဝမ်းမြောက်ဂုဏ်ယူကြရသည့် မြင်ကွင်းများပင်ဖြစ်သည်။

ယခုဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) မှ သင်တန်းသားများသည် နိုင်ငံ့တာဝန်များကို နိုင်ငံသားတစ်ယောက်အနေဖြင့် ဂုဏ်ယူစွာထမ်းဆောင်နိုင်ရန် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာခဲ့ကြသူများဖြစ်ရာ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် လေးစားဖွယ်ရာပင်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းတာဝန်နှင့်စပ်လျဉ်း၍ အဆိုပါလူငယ်တို့၏အမြင်နှင့် ခံယူချက်တို့မှာလည်း စံနမူနာပြုအတုယူစရာဖြစ်သည်။ နိုင်ငံသားတိုင်း နိုင်ငံနှင့်လူမျိုးကို ကာကွယ်လိုသည့်စိတ်ဓာတ်များ ဖြစ်ထွန်းပေါ်ပေါက်လာခြင်းနှင့်အတူ စစ်ပညာများတတ်မြောက်ကျွမ်းကျင်လာကြသည်နှင့်အမျှ နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်မှာလည်း ပိုမိုမြင့်မားလာမည်ဖြစ်သလို အဖျက်အင်အားတို့လည်း တစ်စတစ်စ ပျောက်ကွယ်သွားရမည်ဖြစ်သည်။ နိုင်ငံလည်းတည်ငြိမ်အေးချမ်းမှုကို ရရှိလာမည်ဖြစ်သည်။

နိုင်ငံတည်ငြိမ်အေးချမ်းခြင်းသည် ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံပင်ဖြစ်သည်။ တည်ငြိမ်အေးချမ်းမှသာ တည်ဆောက်မှုတို့ ပြုလုပ်နိုင်မည်။ တည်ဆောက်မှုပြုနိုင်မှသာ ဖွံ့ဖြိုးမှု၊ တိုးတက်မှုတို့ရရှိနိုင်မည်။ ပြည်သူတို့၏ဘဝများ မြင့်မားတိုးတက်နိုင်မည်ဖြစ်သည်။ နိုင်ငံ့တာဝန်များကို ထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) သို့ တက်ရောက်လာကြသော နိုင်ငံ့သားကောင်းလူငယ်များအား နှစ်ထောင်းအားရစွာ ဂုဏ်ပြုအပ်ပါကြောင်း။ ။