တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် UWSA “ဝ” အဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၆

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA “ဝ”အဖွဲ့မှ တာဝန်ရှိသူများနှင့် စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တာချီလိတ် တပ်နယ် အောင်ပြည်ဟိန်းရိပ်သာ၌ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားသည်။

ထို့နောက် UWSA “ဝ” အဖွဲ့မှ ဦးညီကပ်နှင့် အဖွဲ့ဝင်များက UWSA “ဝ” ဒေသအတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း အထောက်အကူပြု ပစ္စည်းများကို ပေးအပ် လှူဒါန်းသည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်သဖြင့် ယခုကဲ့သို့ ပေးအပ်လှူဒါန်းမှုများအပေါ် အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း၊ မိမိတို့ဒေသအတွင်း၌ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ဝင်ထွက်သွားလာမှုများကို ကန့်သတ်စစ်ဆေးလျက် ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရှိစေရေး ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UWSA “ဝ” အဖွဲ့အတွက် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀၀၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀၊ N 95 Mask ၁၀၀၀၊ Face Shield၂၅၀၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀၊ Hand Gel ဘူး ၁၅၀၊ Hand Sanitizer ၁၅၀ နှင့် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက် ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ဦးညီကပ်နှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး UWSA “ဝ” အဖွဲ့က ဒေသထွက် လက်ဆောင်များကို ပြန်လည်ပေးအပ်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာချီလိတ်မြို့ တပ်နယ်ခန်းမ၌ ကျင်းပသည့် တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးကို ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက် အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်သည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ တာချီလိတ်မြို့နယ်အတွင်း တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုအနေဖြင့် ဘိန်းဖြူ ၂၇ ဒသမ ၆၃ ကီလိုဂရမ်၊ ဘိန်းမည်း ၁ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၅၆၉၄၁၉၆ ပြား၊ အိုက်စ် ၁၀၆၄ ဒသမ ၇ ကီလိုဂရမ်၊ ကတ်တမင်း ၁၂ ဒသမ ၃၅ ကီလိုဂရမ်၊ အခြားမူးယစ်စေတတ်သော ဆက်စပ်ပစ္စည်း များ ၆၅၈၈ ဒသမ ၆ ကီလိုဂရမ်၊ စုစုပေါင်း မူးယစ်ဆေးဝါးများခန့်မှန်း တန်ဖိုး ငွေကျပ် ၁၉၂ ဒသမ ၆ ဘီလီယံကျော်ကို ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

လက်ခံရယူ

အခမ်းအနားတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် Surgical Mask ၂၀၀၀၀ ၊ Personal Protective Equipment (PPE) ဝတ်စုံ ၃၀၀ ၊ N 95 Mask ၁၀၀၀၊ Face Shield ၂၅၀ ၊ Sodium Hypochloride (15L) ၆ ပုံး၊ Examination Glove ၁၀၀၀၊ Hand Gel ၁၅၀၊ Hand Sanitizer ၁၅၀ နှင့် စားသောက် ဖွယ်ရာများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို ပေးအပ် လှူဒါန်းရာ တာချီလိတ် မြို့မိမြို့ဖများဖြစ်သည့် ဦးတင်လှိုင်၊ ဦးကြည်မြင့်နှင့် ဦးထွန်းနေဦးတို့က အသီးသီးလက်ခံရယူကြသည်။

ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

ယင်းနောက် တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် လုပ်ငန်းအောင်မြင် အောင် ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဂုဏ်ပြုချီးမြှင့် ငွေများ ပေးအပ်ချီးမြှင့်ရာ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင်က လက်ခံရယူခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ − တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး