Skip to main content

နိုင်ငံကိုကာကွယ်စောင့်ရှောက်မည့် နိုင်ငံ့သားကောင်းများအဖြစ်ဂုဏ်ယူ

ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို နိုင်ငံတော်၏ ဆိုင်ရာအဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသော်လည်း မိမိရပ်ရွာနေအိမ်များကို မိမိတို့ကိုယ်တိုင်လည်း ပါဝင်ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပေသည်။ နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

စစ်မှုထမ်းဥပဒေကို နိုင်ငံအများစုတွင် အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံကာကွယ်ရေးအင်အား တောင့်တင်းအောင် ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၌ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/ ၂၀၁၀)ဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ပြီး မတ်လ ၉ ရက်နေ့မှစတင်၍ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) တွင် တက်ရောက်ရန်အတွက် ဥပဒေနှင့်အကျုံးဝင်သူများကို ဆင့်ခေါ်ခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လူငယ်လူရွယ်များက မိမိတို့သဘောဆန္ဒအလျောက် စာရင်းပေးသွင်းခဲ့ကြသည်။

ယခုအခါ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)တွင် တက်ရောက်ရန်အတွက် မိမိတို့သဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာကြသူများအနက် သင်တန်းတက်ရောက်ရန် အရည်အချင်းကိုက်ညီသူများအားစုဖွဲ့၍ ဧပြီလ ၈ ရက် နေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးတွင် သင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲများ ပြုလုပ်ခဲ့ကြသည်ကို အားရဖွယ်မြင်တွေ့ခဲ့ရသည်။ နိုင်ငံတော်ကိုစောင့်ရှောက်ရေးအတွက် တိုင်းပြည်ကာကွယ်ရေးတွင် အင်အားဖြည့်တင်းနိုင်ရန် နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ဖြင့် ပါဝင်လာကြသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

နိုင်ငံတော်တွင် မှီတင်းနေထိုင်ကြသော နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ရှောက်ရန် တာဝန်ရှိသည်။ ယင်းတာဝန်ကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယခုအခါ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ယခုဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁)မှ သင်တန်းသားများအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းခဲ့ကြသည့်အားလျော်စွာ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် လေးစားဂုဏ်ယူကြရမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းအသက်ဝင်ပြီး အကောင်အထည်ဖော်ခဲ့ရာတွင် နိုင်ငံတော်ကြီး အင်အားတောင့်တင်းခိုင်မာလာမည်ကို မလိုလားသော အမျိုးသားသစ္စာဖောက်များ၏ သွေးထိုးလှုံ့ဆော်အဖျက်စကားများကြောင့် ပြည်သူများကြားတွင် စိုးရိမ်ပူပန်တွေဝေမှုများဖြစ်ခဲ့ကြသည်။ ဤသို့ အဖျက် အနှောင့်အယှက် များကြားမှ နိုင်ငံချစ်စိတ်၊ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်လိုသည့် မွန်မြတ်သောစိတ်ထားများဖြင့် စွန့်လွှတ်စွန့်စားကြိုးပမ်းထမ်းဆောင်ကြမည့် လူငယ်လူရွယ်များကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြရမည်ဖြစ်သည်။ နိုင်ငံအတွင်းနေထိုင်သည့် နိုင်ငံသားတစ်ယောက်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်သည်။

အရပ်သားဘဝမှ စစ်မှုထမ်းတစ်ဦးအဖြစ် ထမ်းဆောင်လိုက်ခြင်းအတွက် ဦးစွာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် စည်းကမ်းလိုက်နာ ဆောင်ရွက်တတ်မှု၊ မတူကွဲပြားသော လူအများအချင်းချင်းချစ်ခင်စည်းလုံးစွာ ဆောင်ရွက်တတ်မှု၊ စိတ်ဓာတ်ခံယူချက်မြင့်မားလာမှု စသည့်အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်သည်။ ထို့အပြင် မိမိမိသားစု၊ မိမိရပ်ရွာ၊ မိမိမြို့၊ မိမိနိုင်ငံကို တန်ဖိုးထား ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ ထွန်းကားလာမည်ဖြစ်သည်။ နိုင်ငံသားအရပ်သား တစ်ဦးအနေဖြင့် ဥပဒေအရ၊ နိုင်ငံချစ်စိတ်အရ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်နိုင်ခဲ့ခြင်းသည် မိမိတို့အတွက် ခိုင်မာသောအထောက်အပံ့ကောင်းများကို ရရှိနိုင်မည်ဖြစ်သည်။

နိုင်ငံသားတိုင်းသည် မိမိနိုင်ငံတော်ကို မိမိပါဝင်မစောင့်ရှောက်လျှင် အဖျက်အမှောင့်အနှောင့်အယှက် စသည့်အဖျက်အင်အားများ ကြီးမားလာပါက မိမိတို့ မြို့ရွာ၊ မိမိတို့ပြည်သူ၊ မိမိတို့တိုင်းပြည်ပင် ပျက်စီးခြင်းသို့ရောက်နိုင်ပြီး နောက်ဆုံးတွင် ပြည်သူများပင် ဒုက္ခဆင်းရဲပျက်စီးခြင်းအဖြစ်သို့ ရောက်နိုင်ပေသည်။ သို့ဖြစ်ရာ နိုင်ငံသားတိုင်းသည် မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးရမည့်တာဝန်ကို မွေးရာပါတာဝန်တစ်ရပ်အဖြစ်ခံယူပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြမည့် နိုင်ငံ့သားကောင်းများအဖြစ် ဂုဏ်ယူစွာ ပါဝင်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း။    ။