Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဧပြီ ၁၂

ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ နေပြည်တော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့များ၊ အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့များ၊ ဟိန္ဒူဘာသာရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမှာစကားပြောကြား

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအခမ်းအနားကို နှစ်သစ်ကူးအခါသမယတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထူးခြားသည့်အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ ဘာသာပေါင်းစုံနှင့်ပတ်သက်ပြီး မေတ္တာလက်ဆောင်တစ်ခုပေးချင်သဖြင့် ယခုအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၆ သန်းခန့်နေထိုင်ကြပြီး မိရိုးဖလာဗုဒ္ဓဘာသာကိုးကွယ်မှု ၉၀ ရာခိုင်နှုန်းခန့်၊ ခရစ်ယာန် ဘာသာကိုးကွယ်သူ ၆ သန်းနီးပါးခန့်၊ အစ္စလာမ်ဘာသာကိုးကွယ်သူ ၂ သန်းကျော်ခန့်နှင့် ဟိန္ဒူဘာသာ ကိုးကွယ်သူ ၅ သိန်းကျော်ခန့်ရှိပြီး အခြားဘာသာများလည်း ကိုးကွယ်သူများ ရှိကြကြောင်း၊ မိရိုးဖလာကိုးကွယ်သူများရှိသကဲ့သို့ မိဘကြောင့်၊ ဇနီး၊ ခင်ပွန်းကြောင့် ဘာသာပြောင်းလဲ၍ ကိုးကွယ်သူများလည်းရှိကြောင်း၊ မည်သို့ပင်ဆိုစေ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း ၈ ၌ နိုင်ငံသူ၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄ တို့တွင် ဘာသာရေးနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားပြီး ဥပဒေအရ အာမခံချက်ပေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံသူနိုင်ငံသားများ၏ စိတ်ထဲတွင် ဥပဒေအရ ပြဋ္ဌာန်းသည်ဖြစ်စေ၊ မပြဋ္ဌာန်းသည်ဖြစ်စေ နိုင်ငံသားတစ်ယောက်အနေဖြင့် ခံယူအပ်သည့် သဘောထားဟု ယူဆကြောင်း။

ဘာသာရေးဆိုသည်မှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် သာယာဝပြောမှုများကို ဆောင်ကြဉ်းပေးသည်သာဖြစ်ကြောင်း၊ ဘာသာရေးကို အမှန်တကယ် ထိထိရောက်ရောက် ရိုးရိုးသားသားဖြင့် ဆောင်ရွက်မည်ဆိုပါက ဒေသအားလုံးတွင် တည်ငြိမ်အေးချမ်းမှုကို များစွာအထောက်အကူပြုစေမည်ဖြစ်သည့် အခြေခံပင်ဖြစ်ကြောင်း၊ ဘာသာတရားများ၏ အခြေခံအားလုံးတွင် အဆိုပါအချက်များ ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

အသိအမှတ်ပြု

နိုင်ငံတော်အနေဖြင့် မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှုအများဆုံးဖြစ်သော်လည်း အခြားဘာသာကိုးကွယ်သူများကိုလည်း အသိအမှတ်ပြုပြီး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်တွင် တည်ငြိမ်အေးချမ်းမှုများကို ရရှိမည်ဟု ယုံကြည်ကြောင်း၊ ကမ္ဘာ့နိုင်ငံများကိုကြည့်ပါကလည်း မိမိတို့နိုင်ငံကဲ့သို့ အခြေအနေမျိုးရှိသည့် နိုင်ငံများရှိသကဲ့သို့ ဘာသာတစ်ခုတည်းကိုသာ အခွင့်အရေးပေးပြီး အခြားဘာသာရေးများကို အခွင့်အရေးမပေးသည့်နိုင်ငံများလည်းရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် အချို့နေရာများတွင် ဘာသာရေးအရ ပဋိပက္ခများ ဖြစ်ပွားပြီး ဘာသာရေးအရ တည်ငြိမ်မှု ပျက်ပြားခဲ့သည်များရှိကြောင်း၊ အလားတူ ဒေသအလိုက်တွင်လည်း ဘာသာရေးအရဖြစ်ပွားသည့် ပဋိပက္ခများကို ထိန်းသိမ်းရန် ခက်ခဲသည်ကို တွေ့ရကြောင်း၊ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ဘာသာရေးအရဖြစ်ပွားခဲ့သည့် ပဋိပက္ခများ နှစ်ပေါင်းများစွာဖြစ်ခဲ့ကြောင်း၊ မိမိခံယူချက်အရ ပြောရမည်ဆိုပါက ဘာသာရေးကို အကြောင်းပြု၍ တစ်ဦးနှင့်တစ်ဦး အထင်အမြင်လွဲမှားမှု၊ ယုံကြည်မှုပျက်ပြားမှုများ မဖြစ်အောင် လုပ်သင့်သည်ဟု ယုံကြည်ကြောင်း၊ မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရပြီးကာလတွင် ဘာသာရေးကို အကြောင်းပြုပြီး ဖြစ်ခဲ့သည့် ဖြစ်စဉ်များလည်းရှိခဲ့ပြီး အဆိုပါဒေသအတွင်းရှိ ပြည်သူများအနေဖြင့် မကောင်းသည့်အကျိုးကို ပိုမိုထိခိုက်ခံစားခဲ့ရကြောင်း၊ ထို့ကြောင့် အဆိုပါဘာသာရေးဆိုင်ရာ ပဋိပက္ခများ မရှိအပ်ဟု ယုံကြည်ကြောင်း။

ပဋိပက္ခများ ကင်းဝေးစေမည်

မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးမဆုံးရှုံးခင်ကာလက မြန်မာနိုင်ငံ၏ မြို့တော်မှာ မန္တလေးမြို့ဖြစ်ကြောင်း၊ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် မင်းတုန်းမင်းခေတ်ကာလအထိ နိုင်ငံ့ခေါင်းဆောင်များက သာသနာပြုနှင့်ပတ်သက်၍ ချီးမြှင့်ခဲ့သည့် အစဉ်အလာကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ကိုးကွယ်မှုအလိုက် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အသိအမှတ်ပြုခြင်း၊ တန်းတူရည်တူရှိခြင်းနှင့် အပြန်အလှန်လေးစားသမှုပြုခြင်းများရှိနေသမျှ ပဋိပက္ခများ ကင်းဝေးစေမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ်ပေးအပ်ခြင်းများရှိခဲ့သော်လည်း နိုင်ငံတော်အဆင့် အသိအမှတ်ပြု ချီးမြှင့်ခြင်းများ မတွေ့ရှိရဘဲ အခမ်းအနားများ တက်ရောက်သည်များကိုသာ တွေ့ရှိရကြောင်း။

လွတ်လပ်ရေးရရှိပြီးချိန်မှ ၂၀၀၈ ခုနှစ်အထိ ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် တည်ရှိခဲ့ပြီးနောက်ပိုင်းတွင် နေပြည်တော်ကို နိုင်ငံ၏မြို့တော်အဖြစ် ပြောင်းရွှေ့ခဲ့ကြောင်း၊ နေပြည်တော်တွင် ဘာသာရေးဆိုင်ရာနေရာနှင့် အဆောက်အဦများ အထိုက်အသင့်ရှိသည်ကို တွေ့ရကြောင်း၊ မိမိနိုင်ငံတော် တာဝန်စတင်ယူချိန်တွင် ဘာသာရေးဆိုင်ရာ အချို့အခမ်းအနားများကို နိုင်ငံတော်ကို ကိုယ်စားပြု၍ တက်ရောက်ချီးမြှင့်ခဲ့ပြီး လိုအပ်ချက်များရှိသည်ကို တွေ့ခဲ့ ရကြောင်း၊ ဘာသာရေးဆိုင်ရာ၊ သာသနာတော်ပြန့်ပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် မြေနေရာများ လိုအပ်သည်ကို တွေ့ရကြောင်း၊ အလားတူ နေပြည်တော်ကောင်စီအနေဖြင့်လည်း တင်ပြမှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် မြေနေရာများ ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပြီး ယနေ့အခမ်းအနား ဖြစ်မြောက်လာခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် မြန်မာနှစ်သစ်ကူးအခါသမယအဖြစ် နှစ်သစ်ကူးလက်ဆောင်အဖြစ် အသိအမှတ်ပြု ချီးမြှင့် ပေးအပ်ခြင်းဖြစ်ကြောင်း။

ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကို အဓိကကိုးကွယ်ကြကြောင်း၊ မိမိတို့တာဝန်ယူချိန်တွင် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာစစ်စစ် ကိုးကွယ်သည့်နိုင်ငံ၊ နေပြည်တော်သည် ဗဟိုချက်ဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဘုရားကြီးပရိဝုဏ်နှင့် ဆက်စပ်လျက်ရှိသည့်နေရာများတွင်လည်း ဘာသာရေးဆိုင်ရာများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာနှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်တစ်ခု တည်ဆောက်ရန် လျာထားကြောင်း၊ အလားတူ ထေရဝါဒဗုဒ္ဓသာသနာတက္ကသိုလ် တည်ဆောက်ရန် လျာထားကြောင်း၊ အိမ်နီးချင်းအာဆီယံနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဗုဒ္ဓဘာသာကိုးကွယ်သူများရှိကြကြောင်း၊ အလားတူ ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူရာနေရာဖြစ်သည့် နီပေါ၊ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံများသည်လည်း ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများဖြစ်သဖြင့် ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံတွင် ၎င်းတို့၏ နိုင်ငံကိုယ်စားပြုသည့်ကျောင်းများ လာရောက်တည်ဆောက်လိုပါက တည်ဆောက်နိုင်ရေး နေရာလျာထားဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြည်တွင်းရှိ ထေရဝါဒဗုဒ္ဓဘာသာများအတွက် လည်း သင့်လျော်သည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များ တည်ဆောက်လိုပါကလည်း ခွင့်ပြုပေးရန် နေရာများ သတ်မှတ်ထားပြီးဖြစ်ကြောင်း။

အတူတကွယှဉ်တွဲနေထိုင်

နေပြည်တော်ကောင်စီနယ်မြေသည် ဘာသာပေါင်းစုံအတူတကွ ယှဉ်တွဲနေထိုင်ပြီး ငြိမ်းချမ်းစွာဖြင့် နေထိုင်နိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း၊ နေပြည်တော်တွင် ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင်များ နည်းပါးကြောင်း၊ တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် ဘာသာပေါင်းစုံ နေထိုင်သည့် နေရာတစ်ခုဖြစ်အောင် ဆောင်ရွက်ပြီး နေပြည်တော်အား ဘာသာပေါင်းစုံကို ကိုယ်စားပြုသည့်နေရာတစ်ခုဖြစ်အောင် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရရှိပြီးချိန်ကတည်းက လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်မှာ ယနေ့အချိန်အထိပင်ဖြစ်ကြောင်း၊ အဓိကအားဖြင့် နိုင်ငံရေးအယူအဆ၊ တိုင်းရင်းသားရေးအယူအဆများပေါ်တွင် မူတည်၍ ဖြစ်ပေါ်လာသည့် ပဋိပက္ခများဖြစ်ကြောင်း၊ အဆိုပါ ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် နိုင်ငံရေးအရ လွတ်လပ်ခွင့်နှင့် ဘာသာရေးအရ လွတ်လပ်ခွင့်များကို ထည့်သွင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများမှာ နိုင်ငံရေးအရ ဖြစ်ပေါ်လာသည့် ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းခြင်းမရှိဘဲ ပြည်ပမှ နိုင်ငံရေးအရ သွေးထိုးလှုံ့ဆော်မှု၊ တိုင်းရင်းသားရေးအရ သွေးထိုးလှုံ့ဆော်မှုနှင့် ဘာသာရေးအရ သွေးထိုးလှုံ့ဆော်မှုများကြောင့် အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်ပေါ်နေသည့် ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ပြည်သူပြည်သားတိုင်း သက်ဆိုင်ရာဘာသာတရားများအလိုက် ဘာသာရေးအသိများ ရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း၊ လူများ၏အသိများကို ပြုပြင်နိုင်သည်မှာ ဘာသာရေးအသိပင်ဖြစ်ကြောင်း။

မိမိတို့၏ အန္တိမရည်မှန်းချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ပေါများရေးပင်ဖြစ်ကြောင်း၊ တိုင်းပြည်သာယာဝပြောရေးအတွက် လူတိုင်းလူတိုင်းသည် တရားဥပဒေနှင့်အညီ လုပ်ကိုင်စားသောက်၍ အေးချမ်းစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်လိုသည့် စိတ်ဓာတ်မျိုးရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ဘဲ တစ်ဖက်သို့ အစွန်းရောက်မည်ဆိုပါက တစ်ဖက်နှင့် တစ်ဖက် လွန်ဆွဲရုန်းကန်နေမည်ဖြစ်ပြီး ခွန်အားများ ကုန်ဆုံးနေမည်ဖြစ်ကာ သာယာဝပြောမှုသည်လည်း ဖြစ်လာနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ဘာသာပေါင်းစုံအသင်းအဖွဲ့များအနေဖြင့် အလေးအနက်ထား၍ ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိ၏ရည်ရွယ်ချက်သည် နေပြည်တော်ကို ဗဟိုပြု၍ တိုင်းပြည်သာယာဝပြောရေးကို ဘာသာရေးပိုင်းဆိုင်ရာမှ ဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ တာဝန်ရှိသူများ၊ နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း တရားဥပဒေစိုးမိုးရေးကို ဒီမိုကရေစီအသိစိတ်ဓာတ်ရှိရှိဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြမည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း။

စေတနာထား၍ဆောင်ရွက်

မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများသည် ကြိုးစားလိုစိတ်နှင့် အရည်အချင်းရှိသည့်၊ ဉာဏ်ရည်ထက်မြက်မှုရှိသည့်သူများဖြစ်ပြီး ပညာရှိအကျော်အမော်များစွာ ပေါ်ထွန်းခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ယင်းကို ဆက်လက်ထိန်းသိမ်းရန်နှင့် ပိုမိုတောက်ပလာစေရေးအတွက် ဆောင်ရွက် ပေးရန်မှာ လက်ရှိပစ္စုပ္ပန်တွင် နေထိုင်လျက်ရှိသည့် မိမိတို့၏ တာဝန်ပင်ဖြစ်ကြောင်း၊ တိုင်းပြည်၏အနာဂတ်ကို ကောင်းစေလိုပါက တိုင်းပြည်တွင် နေထိုင်ကြသူများ၏ အသိ၊ ပညာ၊ စိတ်ဓာတ်များကောင်းအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တိုင်းပြည်အပေါ်တွင် စေတနာထား၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဘာသာရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မိမိအနေဖြင့် မေတ္တာရပ်ခံလိုကြောင်း၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများအနေဖြင့်လည်း တိုင်းပြည်ကို မည်သို့ကောင်းအောင် ဆောင်ရွက်မည်ဆိုသည့်စိတ်ဖြင့် စေတနာထား၍ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘာသာရေးအသင်းအဖွဲ့များအတွက် ဘာသာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် အဆောက်အဦများ ဆောက်လုပ်နိုင်ရန်အတွက် မြေပေးမိန့်များကို ပေးအပ်ရာ ဗုဒ္ဓဘာသာကိုယ်စားလှယ်၊ ကက်သလစ်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ နှစ်ခြင်းခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ အင်္ဂလီကန်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ ဆွန်နီအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ရှီယာအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ဟိန္ဒူဘာသာကိုယ်စားလှယ်တို့က လက်ခံရယူကြသည်။

ကျေးဇူးတင်စကားများ ပြန်လည်ပြောကြား

ယင်းနောက် ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းများအလိုက် တာဝန်ရှိသူများက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာ့ရိုးရာ နှစ်သစ်မင်္ဂလာအခါသမယတွင် မိမိတို့ဘာသာပေါင်းစုံအသင်းအဖွဲ့များအား နှစ်သစ်မေတ္တာလက်ဆောင်မွန်ကို ပေးအပ်ချီးမြှင့်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ဘာသာရေးအသင်းအဖွဲ့များအပေါ် ယခုကဲ့သို့ နိုင်ငံတော်အဆင့် ချီးမြှင့်ပေးအပ်သည့်အတွက် လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များသည် ယခုအခမ်းအနားသို့ နိုင်ငံတော်မှ စီစဉ်ပေးသည့် လေယာဉ်တစ်စင်းတည်းဖြင့် လာရောက်ကြခြင်းဖြစ်ကြောင်း၊ အားလုံးအတူတကွ ဆုံစည်း၍ လာရောက်တွေ့ဆုံရခြင်းသည် လွန်စွာကြည်နူးဖွယ်ရာနှင့် အေးချမ်းသည့်အခိုက်အတန့်ပင်ဖြစ်ပြီး မိမိတို့အားလုံး အတူတကွ ပေါင်းစည်းသည့်အင်အားဖြင့် မိမိတို့ တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှု၊ သာယာဝပြောမှုတို့ကို ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံပေါ်တွင် နေထိုင်ကြသူ မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် အမိမြန်မာနိုင်ငံတော်ကြီး၏အကျိုးကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပြီး မိမိတို့ဘာသာရေးအသင်းအဖွဲ့များအနေဖြင့်လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကိုးကွယ်မှုဘာသာတရားများ မတူကွဲပြားလျက်ရှိသော်လည်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဘာသာဝင်များအားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့တွင် တစ်စိတ်တည်း၊ တစ်ဝမ်းတည်းရှိနေရမည်မှာ အမှန်တရားပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မိမိတို့ဘာသာရေးအသင်းအဖွဲ့များအတွက် မြေနေရာများ ပေးအပ်ချီးမြှင့်ခြင်းကြောင့် မတူကွဲပြားသော ဘာသာဝင်များအားလုံး အတူယှဉ်တွဲကိုးကွယ်နိုင်ရေးအတွက် စည်းလုံးညီညွတ်ခြင်းပြယုဂ်ဖြစ်သော ဘာသာရေးအဆောက်အဦများ တစ်စုတစ်ဝေးတည်း ပေါ်ပေါက်လာတော့မည်ဖြစ်ပါသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ဘာသာပေါင်းစုံအသင်းအဖွဲ့များမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကားများ ပြောကြားကြသည်။

မှတ်တမ်းတင်ဓာတ်ပုံရိုက်

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ဘာသာပေါင်းစုံအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တက်ရောက်လာကြသည့် ဘာသာပေါင်းစုံအသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်