Skip to main content

တိုင်းပြည်နှင့် လူမျိုး ကောင်းကျိုးဆောင်ကြဉ်း

ဥပဒေဟူသည် လူအချင်းချင်းပေါင်းသင်းဆက်ဆံရာ၌ တရားမျှတမှုရှိစေရန်နှင့် အကွပ်အကဲအထိန်းအကျောင်းသဖွယ်ဖြစ်စေရန်အတွက် အုပ်ချုပ်သူအစိုးရတို့က သတ်မှတ်ပြဋ္ဌာန်းထားသော စည်းကမ်းအစုစုဖြစ်သည်။ မည်သည့်အမူအကျင့်သည် ကောင်း၏၊ မည်သည့်အမူအကျင့်သည် မကောင်း၏ဟူသော အများက ထင်မြင်ထားသော စည်းကမ်းချက်များကိုစုပေါင်း၍ အာဏာပိုင်အစိုးရတို့က အများပြည်သူ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသည်တို့ကို ဥပဒေဟုခေါ်သည်။

ကမ္ဘာလောကတွင် တရားဥပဒေသာမရှိပါက လူတို့နေထိုင်ရပ်တည်ရေးသည် လုံခြုံစိတ်ချမှု ရှိမည်မဟုတ်ချေ။ တရားဥပဒေစိုးမိုးမှု၊ ငြိမ်ဝပ်ပိပြားမှုလည်း ရှိတော့မည်မဟုတ်ပေ။ တရားဥပဒေသည် နိုင်ငံတစ်ခု တည်တံ့ခိုင်မြဲရေးတွင် အဓိကကျသောအချက်ဖြစ်သည်။ ဥပဒေမရှိသောနိုင်ငံတွင် တည်တံ့ခိုင်မြဲသောအစိုးရလည်း ရှိမည်မဟုတ်ပေ။ ပြည်သူများလည်း ကောင်းမွန်စွာနေထိုင်ကြရမည်မဟုတ်ချေ။ ယဉ်ကျေးသောနိုင်ငံများတွင် မိမိနိုင်ငံနှင့်သင့်တင့်လျောက်ပတ်သော ဥပဒေများကို အများသဘောတူ ပြဋ္ဌာန်းထားကြသည်။ ဥပဒေနှင့်အညီ ထိန်းကျောင်းဆောင်ရွက်ပြီး ဖောက်ဖျက်သူများကိုလည်း ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူသည်။

ဒီမိုကရေစီနိုင်ငံများတွင် နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးရှိထိရောက်ပြီး အကာအကွယ်ပေးနိုင်မည့်ဥပဒေများကို အများဆန္ဒနှင့်အညီ လွှတ်တော်မှတစ်ဆင့် ဥပဒေပြုပြဋ္ဌာန်းပေးသည်။ ပြဋ္ဌာန်းထားသောဥပဒေများ အသက်ဝင်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာကိုင်တွယ်နိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများက အလေးထား ဆောင်ရွက်ကြရသည်။ ပြဋ္ဌာန်းထားသော ဥပဒေများကို သိရှိနားလည်နိုင်ရန်နှင့် လိုက်နာဆောင်ရွက်ပြီး အကျိုးဖြစ်ထွန်းနိုင်ရေးကို နိုင်ငံသူ နိုင်ငံသားများက ဆောင်ရွက်ကြရသည်။ ဥပဒေထိန်းကျောင်းသူ၊ လိုက်နာဆောင်ရွက်သူ ဆီလျော်မျှတရှိပါမှ အဆိုပါနိုင်ငံသည် အေးချမ်းသာယာဝပြောမှုရှိမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စတင်တာဝန်ယူဆောင်ရွက်သည့် အချိန်မှစပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝ တိုးတက်ဖြစ်ထွန်းစေရေးတို့အတွက် မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ခေတ်စနစ်နှင့်လျော်ညီစေမည့်ဥပဒေများ၊ နည်းဥပဒေများကို ပြဋ္ဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးခြင်း၊ ဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်ပြီး နိုင်ငံနှင့် ပြည်သူ အကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေများကို ပြည်သူများ သိရှိနားလည်လိုက်နာဆောင်ရွက်နိုင်ရေးနှင့် ဥပဒေကို ထိန်းကျောင်းသူ၊ ကိုင်တွယ်အသုံးပြုသူများ စနစ်တကျရှိစေရေးအတွက် ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ပေးလျက်ရှိသည်။ ယခုအခါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်းကို ဖွင့်လှစ်ပေးလိုက်နိုင်ပြီဖြစ်ရာ နိုင်ငံတော်အတွက်အကျိုးရှိမည့် ဥပဒေအသိပညာများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးပေးနိုင်မည့်ရပ်ဝန်းတစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။ အများပြည်သူတို့အနေဖြင့် ပြဋ္ဌာန်းထားသောဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် မသိရှိသေးသည့်ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကျောင်း ဖွင့်လှစ်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “မိမိတို့နိုင်ငံသည် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နေခြင်းဖြစ်သဖြင့် ဥပဒေကို နိုင်ငံသားတိုင်း သိရှိနားလည်လိုက်နာရန်လိုအပ်ပြီး ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာသင်ကြားပေးနိုင်ရေးနှင့် အသိပညာပေးရေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ လူတိုင်း လူတိုင်း ဥပဒေပညာရှင် မဖြစ်နိုင်သော်လည်း ဥပဒေပညာကို သိရှိနားလည်ထားမှသာ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာအသုံးချနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏အခြေခံလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေအသိပညာရှိကြရန် လိုအပ်သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဆောင်ရွက်ရာတွင်လည်း စီမံခန့်ခွဲမှု ဆောင်ရွက်သူများအနေဖြင့် ဥပဒေကို နားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြရန် လိုအပ်ကြောင်း”ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ဥပဒေအသိပညာပြန့်ပွားရေးကို အလေးထားဆောင်ရွက်ခြင်းဖြင့် ဥပဒေရေးရာ ကိုင်တွယ်ဆောင်ရွက်မှုများတွင် အမှားအယွင်းနှင့် အပြစ်ကင်းစင်ပြီး ဥပဒေများကို လေးစားလိုက်နာဆောင်ရွက်နိုင်ခြင်းဖြင့် အကျိုးရှိထိရောက်သည့် လုပ်ဆောင်ချက်များနှင့် နိုင်ငံနှင့်ပြည်သူအတွက် ကောင်းကျိုးရလဒ်များကို ဆောင်ကြဉ်းပေးစွမ်းနိုင်မည်ဖြစ်ပါကြောင်း။ ။