Skip to main content

သားသမီးတို့ပညာရေး အလေးပေး

လာမည့်မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိသည် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည်။ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်ဖြင့် ပညာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။ ပညာသင်ယူတတ်မြောက်ထားသူတိုင်း မိမိတတ်မြောက်သည့်ပညာဖြင့် မိမိဘဝကို ကောင်းမွန်စွာ တည်ဆောက်နိုင်ကြမည်ဖြစ်ရာ မိဘအုပ်ထိန်းသူတိုင်းက ပညာသင်အရွယ်ကလေးအားလုံးကို ကျောင်းအပ်နှံပေးကြရန်လိုသည်။

ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များကို နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြပေးလျက်ရှိရာ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝမကောက်ခံပါဟု ဖော်ပြထားသည့်အပြင် သင်ရိုးသစ်ဖတ်စာအုပ်များ၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံတစ်စုံ စသည်တို့ကို သူငယ်တန်းမှသည် ဒွါဒသမတန်းအထိ အခမဲ့ထောက်ပံ့သွားမည်ဖြစ်ကြောင်း အရေအတွက်များနှင့်တကွ ဖော်ပြထားသည်။

ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များအဖြစ် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/ လက်ခံခြင်း မပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်းတစ်စုံတစ်ရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် တားမြစ်ထားပြီး မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများကိုလည်း မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန်၊ ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုပါရန် မေတ္တာရပ်ခံထားသည်။ ဤသည်မှာ ဆင်းရဲနွမ်းပါးခြင်း၊ ကျောင်းထားရန် ငွေကြေးမတတ်နိုင်ခြင်းဆိုသည့် အကြောင်းရင်းကြောင့် ကျောင်းနေအရွယ်ဖြစ်ပါလျက်နှင့် ပညာသင်ရန်ကျောင်းအပ်နှံခြင်းမပြုသည့် အဖြစ်မျိုးမဖြစ်စေရန်၊ ကျောင်းအပ်နှံခြင်းအတွက် ငွေကြေးတစ်ပြားတစ်ချပ်မျှ ကုန်ကျမှုမရှိစေရန် နိုင်ငံတော်က စီမံဆောင်ရွက်ပေးခြင်းဖြစ်သည်။ ကျောင်းနေအရွယ် သားငယ်၊ သမီးငယ်တို့၏ မိဘအုပ်ထိန်းသူတိုင်း မိမိတို့၏ကလေးများကို ကျောင်းသို့ မဖြစ် မနေ လာရောက်အပ်နှံနိုင်ကြစေရန် အဓိကရည်ရွယ်ရင်းပင် ဖြစ်သည်။

“အခြေခံပညာကဏ္ဍတွင် လူငယ်လူရွယ်အားလုံး၊ ကျောင်းနေရမည့်အရွယ်အားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာကိုဆုံးခန်း တိုင် သင်ယူနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ကြရပြီး ကျောင်းနှင့်ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ်များမဖြစ်အောင် တာဝန်ရှိသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် လိုအပ်သည်ကိုမှာကြားလိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား တွေ့ဆုံ၍ ဩဝါဒစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ ကျောင်းနေအရွယ်ကလေး၊ လူငယ်အားလုံး ကျောင်းနေ၍ ပညာသင်ကြားရေး၊ အချိန်မတိုင်မီ ကျောင်းထွက်သူများ မရှိရေးတို့အတွက် မိဘအုပ်ထိန်းသူများရော ဆရာ၊ ဆရာမများကပါ အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်သည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအစီရင်ခံစာတွင် ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြကြောင်း အသက် ၁၂ နှစ်မှစ၍ ကျောင်းတက်နှုန်း ကျဆင်းလာကာ အသက် ၁၄ နှစ်နောက်ပိုင်း အလယ်တန်းပြီးမြောက်ချိန်တွင် သိသိသာသာကျဆင်းလာကြောင်း ဖော်ပြထားရာ မိဘများအနေဖြင့် သားသမီးတို့၏ ပညာရေးကို အလေးပေးစဉ်းစားရန်၊ အရေးတကြီးမလိုအပ်ဘဲ အိမ်အလုပ်၊ မိသားစုဝင်ငွေအလုပ်အတွက် သားသမီးတို့၏ လုပ်အားကို အသုံးမချ ရန်၊ မိမိတို့၏ ရင်သွေးများကို အနည်းဆုံးအလယ်တန်းအဆင့် (KG+9) ပြီးမြောက်သည်အထိ ပညာသင်ယူနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးပြီး အသက်မွေးဝမ်းကျောင်းပညာများ ဆက်လက်သင်ယူခြင်းဖြင့် ဘဝအရည်အသွေးကောင်းမွန်မြင့်မားစေကာ ဆင်းရဲနွမ်းပါးမှုမှ ရုန်းထွက်နိုင်ကြပါမည့်အကြောင်း။ ။