မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၈ ရက်နေ့ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၌ မေလ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ကနဦးတွင် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ မေလ ၂၄ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
ယခုမေလသည် နွေရာသီကာလ၏ နောက်ဆုံးလဖြစ်ပြီး နိုင်ငံတစ်ဝန်း၌ အပူချိန်ပြင်းထန်မြင့်မားမှုကြောင့် မိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီး အချို့ဒေသများ၌ နေရာကွက်ကြားမိုးရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။ လေပြင်းတိုက်ခတ်မှုကြောင့် အချို့ဒေသများတွင် နေအိမ်များအမိုးလန်ခြင်း၊ ပြိုလဲခြင်း၊ သစ်ပင်များ၊ ဓာတ်တိုင်များ ပြိုလဲခြင်းများဖြစ်ပေါ်ခဲ့သည်။ မေလ၏ သဘောသဘာဝအရ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လေ့ရှိပြီး ထိုလေဖိအားနည်းရပ်ဝန်းကြောင့် အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းများ ဖြစ်ပေါ်ခဲ့သည်ကို သတိမူရမည်ဖြစ်သည်။
မကြာမီရက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်မှုကြောင့် အလွန်ပူပြင်းသော နွေရာသီကာလ၏ အပူဒဏ်ခံစားရမှုများကို အဆုံးသတ်တော့မည်ဟု ခန့်မှန်းရသော်လည်း နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို မပေါ့မဆသတိပြု၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် နိုင်ငံများအနေဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို ရင်ဆိုင်ကြုံတွေ့နေကြရပြီး မြန်မာနိုင်ငံအနေဖြင့် လေပြင်းတိုက်ခတ်မှုအန္တရာယ်ကိုသာ ကြုံတွေ့ကြရသဖြင့် သက်သာသည်ဟု ဆိုနိုင်သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်ကာလများအတွင်း အပူချိန်ပြင်းထန်မှုကြောင့် အများပြည်သူတို့ ကျန်းမာရေးနှင့် အသက်အန္တရာယ် ထိခိုက်မှုများရှိခဲ့သည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာပြီး သဘာဝဘေးအန္တရာယ် မျိုးစုံဖြစ်ပေါ်လာခဲ့သည်။ ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကြုံတွေ့ကြရသည်။ အဆိုပါသဘာဝဘေးအန္တရာယ်များကို ကမ္ဘာပေါ်ရှိ နိုင်ငံများနည်းတူ မြန်မာနိုင်ငံလည်း ကြုံတွေ့ခဲ့ရပြီး ယမန်နှစ်က အလွန်အင်အားပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ခြင်းခံခဲ့ရသည်။ မြန်မာနိုင်ငံမှ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့တွင် ရေကြီးရေလျှံခြင်းနှင့် မုန်တိုင်းအန္တရာယ်တို့ကိုသာ သတိမူမိကြသည်။ ယခုနွေအကုန် မိုးကြိုကာလတွင်မူ လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်းအပြင် မိုးကြိုးပစ်ခြင်းအန္တရာယ်ကိုလည်း သတိထားဖို့လိုအပ်သည်။
မုတ်သုံရာသီအကြိုကာလများ၌ နေ့အပူချိန်များ မြင့်တက်လာချိန်တွင် လေပူများ အထက်သို့တက်ပြီး လေအေးများနှင့်ထိတွေ့သောအခါ အပူချိန်ကွာခြားမှုနှင့် တိမ်တောင်များ ရွေ့လျားမှုအပေါ်မူတည်ကာ လျှပ်စစ်အဖိုဓာတ်နှင့် အမဓာတ်များ ကူးခတ်ကြရာမှ အလွန်အင်အားပြင်းထန်သော လျှပ်စစ်ဓာတ်များ မြေပြင်ပေါ်သို့ ကျရောက်စီးဆင်းပြီး မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လာသည်။ လျှပ်စစ်စီးဆင်းမှု သဘာဝအရ မြင့်မားသောသစ်ပင်၊ အဆောက်အအုံများ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးတာဝါတိုင်များ၊ ကြားခံမရှိသော လွင်တီးခေါင်ခေါင်လယ်ကွင်းကဲ့သို့ ကျယ်ပြန့်သည့် နေရာများသည် မိုးကြိုးပစ်ခံရနိုင်ခြေများသည့် နေရာများဖြစ်သည်။
မကြာသေးမီရက်ပိုင်းက အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် မိုးကြိုးပစ်မှုကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။ အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း မိုးကြိုးပစ်မှုကြောင့် နှစ်နာရီအတွင်း လူကိုးဦး သေဆုံးခဲ့ပြီး သေဆုံးသူအများစုမှာ လယ်သမားများဖြစ်သည်ဟု သိရသည်။ မိုးကြိုးအန္တရာယ်မှာ ရှောင်ကွင်းချိန်မရဘဲ အလွန်အန္တရာယ်ကြီးမားလှသည်။ ကမ္ဘာပေါ်တွင် မိုးကြိုရာသီကာလ၌ တစ်စက္ကန့်လျှင် မိုးကြိုးအကြိမ် ၁၀၀ ခန့်် ပစ်သည်ဟု သိရသည်။ အိန္ဒိယနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း မိုးကြိုးပစ်မှုကြောင့် လူ ၉၀၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ မိုးကြိုးအန္တရာယ်သည် မိုးကြိုကာလ ဧပြီလ၊ မေလနှင့် မိုးနှောင်းကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ဖြစ်ပေါ်တတ်ပြီး မွန်းတည့်ချိန်မှ ညနေ ၆ နာရီခန့်အတွင်း အပစ်အများဆုံးဟု သိရသည်။
မြန်မာနိုင်ငံတွင် မိုးကြိုးအန္တရာယ်ကို မြို့နေလူများအနေဖြင့် သတိမထားမိသော်လည်း နိုင်ငံ၏လူဦးရေအများဆုံးနေထိုင်သည့် ကျေးလက်နေပြည်သူများအနေဖြင့် သတိပြုရမည့် သဘာဝဘေးအန္တရာယ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုးကြိုးပစ်ခံရသည့်အန္တရာယ်မှာ လွန်ခဲ့သည့်ဆယ်စုနှစ်မှစ၍ တစ်နှစ်ထက်တစ်နှစ်ပိုလာခဲ့သည်။ ပဲခူးတိုင်းဒေသကြီးသည် မိုးကြိုးအန္တရာယ်ကို အများဆုံးကြုံတွေ့ခဲ့ရပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း လူ ၁၅၀ ကျော်သည် မိုးကြိုးပစ်ခံရသောကြောင့် အသက်သေဆုံးခဲ့ရသည်။ ထို့ကြောင့် ယခုရာသီမိုးကြိုကာလ၌ လေပြင်းတိုက်ခတ်မှုအန္တရာယ်နှင့် မိုးကြိုးပစ်ခြင်းအန္တရာယ်တို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများက သတိပေးနှိုးဆော်ထားသည့်အတိုင်း သတိပြုဆင်ခြင်နေထိုင်လုပ်ကိုင်ကြရန် အသိပေးအပ်ပါကြောင်း။ ။