Skip to main content

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး နိုင်ငံတော်နှင့်အတူ လက်တွဲကြိုးပမ်း

ပြီးခဲ့သည့် နွေရာသီကာလများက မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး ချောက်မြို့ကို ကမ္ဘာပေါ်တွင် အပူဆုံးမြို့အဖြစ် ပြောဆိုလာကြသည်ကို ကြားသိလိုက်ရမည်ဖြစ်သည်။ တကယ်တမ်းတွင်လည်း ချောက်မြို့သည် အပူချိန် ၄၇ ဒီဂရီဆဲစီးယပ်ထိ စံချိန်တင်မြင့်မားခဲ့သည်။ ချောက်မြို့သူ မြို့သားများသည် ပြင်းထန်သည့်အပူဒဏ်ကို ခံစားကြရသဖြင့် အပူရှောင်စခန်းများတွင် သွားရောက်ခိုနားခဲ့ကြရသည်။ မြို့မိမြို့ဖများကလည်း လာမည့်ကာလများတွင် ချောက်မြို့၌ အပူဒဏ်သက်သာရေးအတွက် အစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၂၅ ရက်နေ့က မကွေးတိုင်းဒေသကြီး ချောက်မြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံစဉ် “နိုင်ငံတော်အစိုးရအနေဖြင့် ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ချောက်မြို့နယ်နှင့် ကားလမ်းဘေးဝဲယာများတစ်လျှောက် သစ်ပင်သစ်တောများ စိုက်ပျိုးနိုင်ရေး နိုင်ငံတော်မှလည်း အထူးအစီအစဉ်တစ်ရပ်အဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ဒေသခံများအနေဖြင့် မိမိတို့၏ အိမ်ခြံဝင်းအတွင်းနှင့် ပတ်ဝန်းကျင်များတွင်လည်း သစ်ပင်များစိုက်ပျိုးရန်လိုကြောင်း” ပြောကြားခဲ့သည်။

သစ်ပင်များစိုက်ပျိုးရန်အတွက် ရေသည်အဓိကလိုအပ်ချက်ဖြစ်ရာ ဧရာဝတီမြစ်ရေတင်စီမံကိန်းကို အောင်မြင်အောင်အကောင်အထည်ဖော်၍ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး နိုင်ငံတော်အကြီးအကဲက ဖြည့်စွက်အသိပေး ပြောကြားခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်း၌ သစ်ပင်သစ်တောများ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး ကျေးရွာတစ်ရွာလျှင် သစ်တောစိုက်ခင်း အနည်းဆုံး နှစ်ဧက စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။ အပူပိုင်းဇုန်ဒေသများတွင် သစ်ပင်များစိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီသည့် သစ်ပင်များစိုက်ပျိုးရန်လိုပြီး ပျိုးပင်များကို ဒေသ၏ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိအောင်ပျိုးထောင်၍ စိုက်ပျိုးမည်ဆိုပါက အောင်မြင်ဖြစ်ထွန်းမည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက နည်းပညာပိုင်းဆိုင်ရာအကူအညီများ ပေးအပ်သွားမည်ဟု သိရသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုကြောင့် တစ်နှစ်ထက်တစ်နှစ် ကမ္ဘာကြီးပူနွေးမှု မြင့်မားလာရာ အပူပိုင်းဇုန်ဒေသများ သဲကန္တာရဒေသအဖြစ်မျိုးမရောက်ရှိစေရေးအတွက် အပူပိုင်းဒေသဇုန် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့်အတူ ဒေသခံပြည်သူများ အတူတကွပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြရန်လိုမည်ဖြစ်သည်။ ချောက်ခရိုင်အပါအဝင် မြန်မာနိုင်ငံ အပူပိုင်းဒေသများသည် ရေခံမြေခံအားဖြင့် ဆီထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်သဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်၍ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်သည့် အခြေအနေကောင်းများပိုင်ဆိုင် ထားသဖြင့် ဒေသစိမ်းလန်းစိုပြည်ရေးကို ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စေရေးအတွက် မျိုးကောင်းမျိုးသန့်များရရှိရေး၊ မြေကိုကောင်းမွန်စွာပြုပြင်ရေး၊ အောင်ရေကောင်းမွန်စွာရရှိရေးနှင့် စိုက်နည်းစနစ်များမှန်ကန်ရေးတို့ လိုအပ်မည်ဖြစ်သည်။ အပူပိုင်းဒေသတွင် ယာစိုက်ပျိုးမှုများပြားသဖြင့် မြေပြုပြင်မှုနှင့် အောင်ရေရရှိရေးလိုအပ်သည်။ လိုအပ်သည့်မြေဩဇာကို ပြည်တွင်း၌ ထုတ်လုပ်ပေးလျက်ရှိပြီး ပြည်ပမှလည်း မှာယူတင်သွင်းလျက်ရှိသည့်အပြင် မြေဆွေးမြေဩဇာများနှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ အပူပိုင်းဇုန်ဒေသများသည် ပုဂံယဉ်ကျေးမှုနယ်မြေတွင်ပါဝင်သဖြင့် ဒေသထွက်ကုန်များကို တိုးတက်ထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပခရီးသွားများအား ရောင်းချနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

အပူပြင်းဆုံးဒေသကို အကောင်းဆုံးဒေသဖြစ်အောင် ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများရှိသဖြင့် ဒေသစိမ်းလန်းစိုပြည်ရေးကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ချောက်မြို့နယ်သည် ရေနံထုတ်လုပ်မှုမှ စက်မှုအခြေခံကောင်းများရှိခဲ့သည့်အပြင် ပညာရေးနှင့်ပတ်သက်၍လည်း အခြေခံကောင်း များရှိပြီးဖြစ်သည်။ ထို့ကြောင့် အပူဒဏ်ကို တွန်းလှန်အန်တုပြီး ဒေသဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ချောက်မြို့နယ်သည် အစဉ်အလာအားဖြင့် အပူချိန်မြင့်မားသောဒေသတစ်ခုဖြစ်သဖြင့် အပူဒဏ်လျော့နည်း သက်သာရေးနှင့် အပူဒဏ်ခံနိုင်ရေးကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရာသီဥတုပြင်းထန်သောကာလများ၌ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသောသူများအတွက် အပူရှောင်နားခိုရမည့်နေရာများကို တည်ဆောက်ထားရမည်ဖြစ်သည်။

သို့ဖြစ်ရာ ရာသီဥတုပူပြင်းမှုဒဏ်ကို ပြင်းထန်စွာခံစားရသော်လည်း အစဉ်အလာကောင်းများရှိပြီးဖြစ်သည့် ဒေသအဖြစ်ရပ်တည်ပြီး ဒေသစိမ်းလန်းစိုပြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူများအတူ ပူးပေါင်းလက်တွဲဆောင်ရွက်ပြီး ဒေသတစ်ခု လူမှုစီးပွားမြင့်မား တိုးတက်မှုမှသည် တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း။ ။