မြန်မာနိုင်ငံတွင် စက်မှုဇုန်နှင့်ပတ်သက်သည့်ဥပဒေကို ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် နည်းဥပဒေများကို ၂၀၂၄ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို ဖွဲ့စည်းပြီး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ ပင်မစက်မှုဇုန် ၂၈ ဇုန်နှင့် ဇုန်ခွဲများအပါအဝင် စက်မှုဇုန် ၅၃ ဇုန် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တည်ထောင်ဆဲစက်မှုဇုန်စီမံကိန်း နှစ်ခုရှိပြီး စက်မှုရပ်ကွက် ငါးခုရှိသည်ဟု သိရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် စက်မှုဇုန်များ အောင်မြင်ဖြစ်ထွန်းရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။ တည်ထောင်ပြီး စက်မှုဇုန်များကို အဆင့်မြှင့်တင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေနှင့် မကိုက်ညီသည့်အချက်များကို ပြန်လည်ပြင်ဆင်တည့်မတ် ထိန်းကျောင်းပေးလျက်ရှိသည်။
စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေနှင့်အညီ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရန်နှင့် စက်မှုဇုန်များကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာမူဘောင်များနှင့်အညီ စနစ်တကျစီမံထူထောင်၍ ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ ပြုလုပ်သော စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၄) တွင် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးမှာကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်တွင် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဦးတည်ချက်ကို ချမှတ်ထားရာ အဆိုပါဦးတည်ချက်နှင့်အညီ စက်မှုဇုန်အလိုက်နှင့် တိုးချဲ့မည့်စက်မှုဇုန်များအလိုက် ပို့ကုန်တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်နိုင်မည့် အခွင့်အရေးများရှိနေသည်။ နိုင်ငံတော်က စက်မှုဇုန်များကို အားပေးမြှင့်တင်ပေးနေသလို စက်မှုဇုန်များအလိုက်လည်း အမျိုးအစားတူသည့်လုပ်ငန်းများတွင် ခွင့်ပြုထားသည့်လုပ်ငန်းများအလိုက် စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များအဖြစ် အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်ကြရန် လိုအပ်ပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကပြုလုပ်သည့် ဆီထွက်သီးနှံ၊ စက်မှုသီးနှံနှင့် နို့ထွက်ပစ္စည်းတိုးချဲ့ထုတ်လုပ်ရေး ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နှစ်စဉ် ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံမှုရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ဝါမှထွက်ရှိလာသော ချည်များကို တန်ဖိုးမြှင့်ချည်ထည်များအထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် တန်ဖိုးမြှင့်ချည်ထည်များ ထုတ်လုပ်ရေးစီမံဆောင်ရွက်ရန်၊ ပြည်တွင်း၌ နို့ထွက်ပစ္စည်းများဖူလုံအောင် ထုတ်လုပ်နိုင်ရေးနှင့် နို့ချက်စက်ရုံများ တည်ဆောက်နိုင်ရေးဆောင်ရွက်ရန်” လမ်းညွှန်မှာကြားထားသည်။
မြန်မာပြည်အလယ်ပိုင်းဒေသများသည် ဆီနှင့် ဆီထွက်သီးနှံများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဝါနှင့် ဝါထွက်ပစ္စည်းများ ထွက်ရှိသည့်ဒေသများဖြစ်သည်။ မြန်မာပြည်အလယ်ပိုင်းဒေသများတွင် အငယ်စားစက်မှုဇုန်များ တည်ထောင်ဖွင့်လှစ်လုပ်ကိုင်မည်ဆိုပါက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အငယ်စားစက်မှုဇုန်များအနေဖြင့် ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုးနှင့် ဝါတို့ကိုအခြေခံသော တန်ဖိုးမြှင့်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများကို အဓိကအင်အားစုအဖြစ်စုဖွဲ့ကာ တည်ထောင်ဖွင့်လှစ်လုပ်ကိုင်ဆောင်ရွက်သွားရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များရှိသည့်အနက် အောင်မြင်နေသော စက်မှုဇုန် များကို နမူနာယူ၍ ဒေသအလိုက်ထွက်ကုန်များကိုအခြေခံသည့် အမျိုးအစားတူ စက်မှုလုပ်ငန်းများ တည်ထောင်လုပ်ကိုင်ကြရန်လိုသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာ၌ ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ စနစ်တကျလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွက်လိုအပ်သည့် ကုန်ထုတ်လုပ်ငန်းများကို အရည်အသွေးမီ အပြည့်အဝထုတ်လုပ်နိုင်ရန်အတွက် နည်းပညာနှင့် အရင်းအနှီးအင်အားကြီးမားသဖြင့် ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက တစ်ဖက်တစ်လမ်းမှ တတ်နိုင်သည့်ဘက်က ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ အားပေးမြှင့်တင်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြကာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။