Skip to main content

သာယာလှပဖွံ့ဖြိုးတိုးတက်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

ပြင်ဦးလွင်မြို့သည် လေကောင်းလေသန့်ရရှိပြီး နှစ်လိုဖွယ်ရာသီဥတုရှိသည့် ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်ဖြစ်သည်။ အစဉ်အလာအားဖြင့် သာယာလှပနှစ်လိုဖွယ်ရာကောင်းသောမြို့ကို အစဉ်စိမ်းလန်းစိုပြည်သာယာလှပပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အကြီးအကဲက အခါမလပ်သွားရောက်ပြီး မြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းညွှန်မှာကြားလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေလ ၃၀ ရက်နေ့က ပြင်ဦးလွင်မြို့သို့သွားရောက်ပြီး တာဝန်ရှိသူများအား ပြင်ဦးလွင်မြို့ကို ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်အပြင်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ကျန်းမာရေးမြို့တော်အသွင်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး၊ ပညာရေးနှင့်ပတ်သက်၍ အစဉ်အလာကောင်းများရှိသည့် မြို့တစ်မြို့ဖြစ်ပြီး ရာသီဥတုသာယာလှပ၍ အေးချမ်းစွာပညာသင်ကြားနိုင်ရေးကို အထောက်အကူဖြစ်စေမည့် ပညာရေးကိုအားပေးဆောင်ရွက်ရေး၊ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်နိုင်ရန် အခြေခံကောင်းများရှိပြီးဖြစ်သဖြင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုတိုးတက်စေရေးနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ကော်ဖီစိုက်ပျိုးရေးနှင့်ပတ်သက်၍ လွန်ခဲ့သည့် နှစ် ၂၀ ကျော်မှစတင်ခဲ့သည့် ကော်ဖီစီမံကိန်းများရှိပြီးဖြစ်သည်။ ခွင့်ပြုသတ်မှတ်ပေးထားသည့် ကော်ဖီစိုက်ပျိုးမြေများကို စနစ်တကျ စည်းကမ်းနှင့်အညီထိန်းသိမ်းဆောင်ရွက်ပြီး ကော်ဖီစီမံကိန်းများ အောင်မြင်အောင်ဆောင်ရွက်ရန်လိုအပ်သည်။ မကြာသေးမီက ကော်ဖီစိုက်ပျိုးရန်ခွင့်ပြုထားသည့်မြေများတွင် လူနေအိမ်များ ဆောက်လုပ်ခဲ့သဖြင့် အချို့ကော်ဖီစိုက်ပျိုးခြံများကို အရေးယူဆောင်ရွက်ခဲ့သည်ဟု ကြားသိရသည်။ မြန်မာနိုင်ငံမှထွက်ရှိသည့်ကော်ဖီသည် အရည်အသွေးကောင်းမွန်သည့် ကော်ဖီဖြစ်သဖြင့် စီးပွားဖြစ်ထုတ်လုပ်နိုင်သည့် နိုင်ငံ့ထုတ်ကုန်တစ်ခုဖြစ်အောင် ချမှတ်ပေးထားသော စိုက်ဧကများတွင် အပြည့်အဝစိုက်ပျိုးထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြင်ဦးလွင်မြို့တွင် ပညာသင်ကြားရေး၌ အစစအရာရာကောင်းမွန်သဖြင့် ပုဂ္ဂလိကကျောင်းများ လာရောက်ဖွင့်လှစ်သင်ကြားလျက်ရှိရာ စည်းကမ်းနှင့်အညီ ဖွင့်လှစ်ရန်လိုအပ်သည်။ ကျောင်းသားကျောင်းသူများ အောင်ချက်ကောင်းစေရန်သာ ပညာသင်ကြားပေးခြင်းမဟုတ်ဘဲ ပညာတတ်မြောက်အောင် သင်ကြားပေးသည့် ကျောင်းများဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်လည်း အထူးသင့်လျော်ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်သဖြင့် ပြင်ဦးလွင်မြို့၏ ကျန်းမာရေးကဏ္ဍကို စနစ်တကျ မြှင့်တင်ဆောင်ရွက်ပေးရန်လိုအပ်သည်။ ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့တော်ဖြစ်သည်နှင့်အညီ မြို့သာယာလှပရေးကို တစ်ဦးချင်း၊ တစ်အိမ်ချင်း သန့်ရှင်းသာယာလှပသည့်ဝန်းကျင် ဖြစ်အောင်ဆောင်ရွက်ပြီး တစ်မြို့လုံးသာယာလှပရေးကို သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြင်ဦးလွင်မြို့ သာယာလှပရေးအတွက် ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့ရှိ မူလပန်းမျိုးများကို ပြန်လည်ထိန်းသိမ်းစိုက်ပျိုးသွားရန်လိုပြီး ပန်းမြို့တော်ဟူသော အမည်ဂုဏ်ဒြပ်နှင့်ကိုက်ညီအောင် ဆောင်ရွက်သွားရန်လိုအပ်သည်။ ပြင်ဦးလွင်ကို ဥယျာဉ်မြို့တော်ကြီးဖြစ်အောင် သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ကြပြီး လူနေရပ်ကွက် နေအိမ်ခြံဝင်းများတွင်လည်း ဒေသနှင့်ကိုက်ညီသည့် ပန်းများစိုက်ပျိုးကြရန် တိုက်တွန်းနှိုးဆော်ရမည်ဖြစ်သည်။ ချယ်ရီ မြို့တော်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့တော်ဟူ၍ အစဉ်အလာအားဖြင့် သတ်မှတ်ပေးထားသော အမည်နာမနှင့်ကိုက်ညီအောင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန်လိုသည်။ သစ်တောသစ်ပင်များကို အမြဲစိုက်ပျိုးထိန်းသိမ်းသွားလျှင် မြို့နှင့်ပတ်ဝန်းကျင်တွင် ရေစီးရေလာကောင်းမွန်ပြီး အစဉ်အမြဲသာယာလှပနေမည့် အစဉ်အလာကောင်းသည့်မြို့အဖြစ် ထာဝရရပ်တည်နိုင်မည်ဖြစ်သည်။

ပြင်ဦးလွင်မြို့သည် အခြေခံအားဖြင့် ဒေသထုတ်ကုန်များကို အကောင်းဆုံးထုတ်လုပ်သည့်မြို့ဖြစ်သဖြင့် ဒေသအကျိုးစီးပွား၊ နိုင်ငံ့အကျိုးစီးပွားဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နို့နှင့်နို့ထွက်ပစ္စည်းများထုတ်လုပ်ရေးကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရသည့် နို့ဆီ၊ နို့စိမ်းဝယ်ယူမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ မိမိတို့၏ကိုယ်ပိုင်စီးပွားရေးကို တိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်ပြီး နိုင်ငံတော်က ကူညီဆောင်ရွက်ပေးမှုများကိုရယူ၍ ကော်ဖီနှင့်နို့ထွက်ပစ္စည်းများကို ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြင်ဦးလွင်မြို့သည် နာမည်ပေါင်းများစွာ၊ ဂုဏ်ဒြပ်ပေါင်းများစွာတို့ကို ပိုင်ဆိုင်ထားသော မြို့တစ်မြို့ဖြစ်ပြီး ရှိရင်းစွဲမြို့၏ ဂုဏ်ဒြပ်များ ပိုမိုမြင့်မားတောက်ပြောင်လာအောင် ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေအနားယူရေးတို့သာမက ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာရေးကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။