ယခုအခါ မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်ရှင်သန်ဖွံ့ဖြိုးသော အချိန်အခါကာလဖြစ်သည်။ ထိုကာလတွင် သစ်ပင်များကို ရှင်သန်ဖွံ့ဖြိုးလာအောင် စိုက်ပျိုးပြုစုပျိုးထောင်ကြခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေးကို ဖန်တီးကြရမည်ဖြစ်သည်။ တစ်နိုင်ငံလုံးဝိုင်းဝန်း၍ အမျိုးသားရေးအသွင်ဖြင့် သစ်ပင်ပျိုးပင်များ ပြုစုပျိုးထောင်စိုက်ပျိုးကြရမည်ဖြစ်သည်။
ယခုနှစ်မိုးရာသီကာလတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်ပင်ပေါင်း ၂၂ ဒသမ ၃၃၂ သန်း စိုက်ပျိုးတည်ထောင်သွားမည်ဟု သိရသည်။ ထို့အပြင် ကျေးရွာ၊ မြို့ပြပတ်ဝန်း ကျင်နေရာအသီးသီးတွင်လည်း ဒေသအလိုက် သင့်လျော်သည့် အရိပ်ရသစ်ပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ် စိုက်ပျိုးရေး၊ သစ်ပင်သစ်တောများထိန်းသိမ်းရေး၊ မြစ်၊ ချောင်းများတစ်လျှောက် သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရေး၊ ဒီရေတောသစ်ပင်များ စိုက်ပျိုးတည်ထောင်သွားရေး၊ အာဆီယံလမ်းမကြီးများနှင့် အမြန်လမ်းမကြီးများ၏ လမ်းဘေးဝဲ၊ ယာနှင့် ရထားလမ်းများ၏ လမ်းဘေးဝဲ၊ ယာတို့၌ သစ်ပင်များစိုက်ပျိုးရေးကို အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်သည်။
ကုလသမဂ္ဂစားရေရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ ကမ္ဘာ့သစ်တောဖုံးလွှမ်းမှုသည် ကမ္ဘာမြေမျက်နှာပြင်၏ သုံးပုံတစ်ပုံဖြစ်သည့် ဧက ၁၀ ဒသမ ၀၃ ဘီလီယံနီးပါးရှိကြောင်းသိရသည်။ သို့သော် ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ ၁၀ နှစ်တာကာလအတွင်း တစ်နှစ်လျှင် ဧက ၁၉ ဒသမ ၂၇ သန်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ၁၀ နှစ်တာကာလအတွင်း တစ်နှစ်လျှင် ဧက ၁၂ ဒသမ ၈၅ သန်းနှင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၁၀ နှစ်တာကာလအတွင်း တစ်နှစ်လျှင် ဧက ၁၁ ဒသမ ၆၁ သန်း လျော့နည်းသွားကြောင်း သိရသည်။ ၁၀ စုနှစ်သုံးကြိမ် အနှစ် ၃၀ ကာလအတွင်း ကမ္ဘာပေါ်ရှိ သစ်တောစိုက်ခင်းစိုက်ဧက ၄၄ သန်းနီးပါး လျော့နည်းကျဆင်းသွားပြီဖြစ်သည်။
အာဆီယံဒေသ၏ သစ်တောဖုံးလွှမ်းမှုပမာဏအနေဖြင့် ဧက ၅၂၈ ဒသမ ၇၉ သန်းကျော်ရှိခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၀ ကာလအတွင်း စုစုပေါင်းသစ်တောဧရိယာ၏ ခြောက်ပုံတစ်ပုံခန့် ဧကအားဖြင့် ၉၂ ဒသမ ၉၁ သန်း ပြုန်းတီးလျော့နည်းသွားသည်ဟု သိရသည်။ အာဆီယံဒေသတွင်း၌ မြန်မာနိုင်ငံသည် သစ်တောဧရိယာ ဒုတိယအများဆုံး ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။ FAO ၏ ၂၀၂၀ ပြည့်နှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံ၌ သစ်တောဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံ၌ သစ်တောပြုန်းတီးမှုအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း နှစ်စဉ် သစ်တောဧရိယာ ၁ ဒသမ ၇ ရာခိုင်နှုန်း ပြုန်းတီးခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်စဉ် သုည ဒသမ ၉ ရာခိုင်နှုန်းသာ ပြုန်းတီးခဲ့သည်ဟု သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းနှင့်နှိုင်းစာလျှင် သစ်တောပြုန်းတီးမှု လျော့နည်းလာအောင် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် သစ်တောသယံဇာတများ ဆန်းစစ်လေ့လာခြင်း အစီရင်ခံစာထုတ်ပြန်ရာတွင် တိုးတက်ကောင်းမွန်မှုများဖြစ်ပေါ်လာအောင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်သည့် ဒီရေတောဧရိယာသည် ၂၀၂၀ ပြည့်နှစ်တွင် ဧက ၁ ဒသမ ၀၇ သန်းဖြင့် နိုင်ငံဧရိယာ၏ သုည ဒသမ ၆၄ ရာခိုင်နှုန်း ရှိခဲ့သည်။ ယခုအခါ ဧက ၁ ဒသမ ၁၃ သန်းရှိသဖြင့် သုည ဒသမ ၆၇ သန်းအထိ တိုးတက်လာသည်ကို အားရဖွယ်တွေ့မြင်ရသည်။ မြန်မာနိုင်ငံအနေဖြင့် သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းများ ဆောင်ရွက်နိုင်မှုနှင့် မပျက်စီးအောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်မှု အကျိုးရလဒ်ကောင်းများကို ရရှိပိုင်ဆိုင်ထားပြီဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်ခဲ့သည့် သုံးနှစ်ကျော်ကာလအတွင်း ကြိုးပြင်ကာကွယ်တော ၄၁ ခု၊ ဧရိယာဧက ငါးသိန်းခြောက်သောင်းကျော်နှင့်သဘာဝထိန်းသိမ်းရေးနယ်မြေ ၁၄ ခု၊ ဧရိယာဧက ငါးသိန်းကိုးသောင်းကျော် စုစုပေါင်းဧရိယာဧက ၁ ဒသမ ၁၅ သန်းကျော်ကို တည်ထောင်ဖွဲ့စည်းနိုင်ခဲ့ပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ရာ နိုင်ငံတစ်ဝန်း၌ သစ်တောဖုံးလွှမ်းမှုများ တိုးတက်ကောင်းမွန်လာပြီး ရာသီဥတုပြန်လည်မျှတကောင်းမွန်ရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ ။