ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်မြင့်မားပြီး ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးဖြစ်သော နိုင်ငံကြီးနှစ်နိုင်ငံနှင့် ကမ္ဘာ့လူဦးရေအထူ ထပ်ဆုံးနိုင်ငံတို့နှင့်ထိစပ်နေသည့် မြန်မာနိုင်ငံအဖို့ တစ်ဖက်တွင် စိန်ခေါ်မှုများရှိနေသကဲ့သို့ အခြားတစ်ဖက်တွင် အခွင့်အလမ်းများလည်း ရှိနေသည်။ သို့ရာတွင် အခွင့်အလမ်းသည် သူ့အလိုလို ရောက်ရှိလာမည်မဟုတ်ဘဲ ကြိုးစားပမ်းစား အလုပ်လုပ်ရန်နှင့် ထွက်ပေါ်လာသည့် အခွင့်အလမ်းကို မိမိရရဆုပ်ကိုင်နိုင်ရန်လိုသည်။
မြန်မာ့အိမ်နီးချင်းနိုင်ငံများဖြစ်သော အရှေ့မြောက်ဘက်ရှိ တရုတ်နိုင်ငံနှင့် အနောက်ဘက်ရှိ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ လူဦးရေများပြားသည့် နိုင်ငံများဖြစ်ပြီး အချို့သောစားသောက်ကုန်များကို ပြည်ပမှဝယ်ယူတင်သွင်းနေကြသော နိုင်ငံများဖြစ်ကြသည်။ စိုက်ပျိုးမွေးမြူရေးကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ဆောင်ရွက်နေရသည့် မြန်မာနိုင်ငံအဖို့ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အဆိုပါနိုင်ငံတို့သို့ တင်ပို့ရောင်းချမှုများရှိနေသည့်တိုင်အောင် ဈေးကွက်လိုအပ်ချက်မှာရှိနေဆဲပင်ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ထုတ်လုပ်ရောင်းချခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိနိုင်မည်ဖြစ်သည်။ သို့ရာတွင် မြန်မာတောင်သူများမှာ လက်ရှိသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုကိုပင် ပုံမှန်စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ရုန်းကန်အားထုတ်နေကြရခြင်းဖြစ်ရာ MSME စီးပွားရေး လုပ်ငန်းထူထောင်၍ စိုက်ပျိုးမွေးမြူရေး၊ ထွက်ကုန်ကုန်ကြမ်းကိုအခြေခံ၍ စားသောက်ကုန် ကုန်ချောထုတ်လုပ်နိုင်ရန်မှာ များစွာအလှမ်းဝေးနေမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် “မိမိတို့ အိမ်နီးချင်းနိုင်ငံများတွင် လိုအပ်လျက်ရှိသည့် စားသောက်ကုန်များကို လေ့လာကြည့်ရာ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံအနေဖြင့် ပဲပုပ်တန်ချိန် ၉၂ သန်း၊ ၂၀၂၃ ခုနှစ်တွင် ၉၄ သန်းကို ဘရာဇီးနှင့် ဥရုဂွေးနိုင်ငံတို့မှ တင်သွင်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ်တွင် အမဲသားတန်ချိန် ၂ ဒသမ ၃ သန်း၊ ၂၀၂၃ ခုနှစ် တွင် ၂ ဒသမ ၇ သန်းကို တင်သွင်းခဲ့ရပြီး အခြားအသားငါးများကိုလည်း ပြည်ပမှတင်သွင်းခဲ့ရသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရှိရကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ “မိမိတို့နိုင်ငံအနေဖြင့် ပဲပုပ်နှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို ပိုမိုတိုးတက်စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း” ဈေးကွက်လိုအပ်ချက်များစွာ ရှိနေသေးသည်ကို သိရှိနိုင်ရန် ဥပမာအနေဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
မိမိတို့၏ အိမ်နီးချင်းနိုင်ငံကြီးများဖြစ်သော တရုတ်နှင့်အိန္ဒိယတို့မှာ ခေတ်မီစက်မှုနိုင်ငံကြီးများအဖြစ် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ရောက်ရှိလာသည်နှင့်အမျှ စိုက်ပျိုးရေးနှင့်မွေးမြူရေး ထုတ်ကုန်များတင်သွင်းမှုမှာလည်း မြင့်မားလာသည်။ အနာဂတ်တွင် ယခုထက်ပိုမိုမြင့်မားစွာ စားသုံးလာကြမည်ဖြစ်ရာ စားနပ်ရိက္ခာလိုအပ်ချက်များပြားသလောက် ဝယ်ယူတင်သွင်းမှု ပိုမိုမြင့်မားလာမည်သာဖြစ်သည်။ လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံက ပြည်ပဈေးကွက်ကို မျှော်မှန်း၍ ကော်ဖီတိုးချဲ့စိုက်ပျိုးရန် တွန်းအားပေးနေရချိန်၊ ဗီယက်နမ်နိုင်ငံက တစ်ဟက်တာချင်းယှဉ်ပါက ကော်ဖီထက်အဆများစွာ ဝင်ငွေပိုရသော ဒူးရင်းသီးကို ပြောင်းလဲစိုက်ပျိုးနေပြီဖြစ်ကြောင်း သတင်းများတွင် တွေ့ရသည်။ တိုးတက်လာသည့် အိမ်နီးချင်းနိုင်ငံကြီးများ၏ ပိုမိုစားသုံးလာမှုအပေါ် အခွင့်အလမ်းတစ်ရပ်အဖြစ် မလွတ်တမ်းရယူကာ အကျိုးဖြစ်ထွန်းရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရပါမည့်အကြောင်း။ ။