ယနေ့ကာလတွင် နိုင်ငံအတွင်းရှိ အချို့ဒေသများ၌ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရမည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့သော နိုင်ငံရေးအပြောင်းအလဲတွင် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် NUG/CRPH အကြမ်းဖက်အဖွဲ့အစည်းများနှင့် အားပေးကူညီထောက်ပံ့ပေးသည့် နိုင်ငံကြီးအချို့ကြောင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာပြီး EAO အဖွဲ့အချို့၏ ပါဝင်ပတ်သက်မှုဖြင့် အကြမ်းဖက်အဖျက်လုပ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။
နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်ပထမအချက်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထားဆောင်ရွက်လျက်ရှိသည်။ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးနှင့် သက်ဆိုင်သည့်တာဝန်ရှိသူများနှင့်အတူပူးပေါင်းပြီး တစ်နိုင်ငံလုံးလွှမ်းခြုံ၍ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖြန့်ကြက်ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်ရာတွင် ဒေသအချို့ရှိ ငြိမ်းချမ်းရေးကို လိုလားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လက်တွဲပူးပေါင်းပြီး အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများထံပေးပို့မည့် လက်နက်ခဲယမ်းများကို တားဆီးပိတ်ဆို့နိုင်ခဲ့သည်။ တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် မြို့ရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည့် သောင်းကျန်းသူအဖွဲ့အစည်းများကို ပြည်ပနိုင်ငံအချို့နှင့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက အကြောင်းအမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကူအညီများပေးနေခြင်းကြောင့် ယနေ့အထိ သက်ဆိုးရှည်နေခြင်းဖြစ်သည်။ တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းကာကွယ်စောင့်ရှောက်လျက်ရှိသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လက်လွှတ်ခဲ့ရသော မြို့ရွာများကို ဖျက်ဆီးခြင်းအပြင် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးအောင် အဖျက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားအခွင့်အရေးများရရှိရေး၊ ပြည်သူများလိုလားသော စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသော်လည်း သောင်းကျန်းသူများအနေဖြင့် နိုင်ငံရေးကိစ္စကို အကြမ်းဖက်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရေးထက် နယ်မြေဒေသအလိုက် အာဏာထူထောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေးအတွက် လုပ်သင့်လုပ်ထိုက်သည်တို့ကို ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတစ်ခုတိုးတက်ကောင်းမွန်ရေးအတွက် နိုင်ငံတွင် နေထိုင်ကြသူများက ဆောင်ရွက်ရခြင်းဖြစ်သကဲ့သို့ နိုင်ငံကိုပျက်စီးအောင်လည်း အဖျက်သမားစိတ်ဓာတ်ရှိသည့် ၎င်းနိုင်ငံသားများကပင် အဓိကပြုလုပ်ခြင်းဖြစ်ကြောင်း” အဖျက်လုပ်ရပ်လုပ်ကိုင်ခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ဒေသတစ်ခုပျက်စီးစေရန် လုပ်ဆောင်ခဲ့ကြသူများသည် ဒေသခံအကြမ်းဖက်သောင်းကျန်းသူများဖြစ်သည်ကို ဆိုလိုခြင်းဖြစ်သည်။ တည်ငြိမ်မှုပျက်ပြားခဲ့သည့် ဒေသများကိုကြည့်လျှင် ထိုဒေသကို အခြားဒေသများက လာရောက်ဖျက်ဆီးခြင်းမဟုတ်ဘဲ ၎င်းဒေသတွင်နေထိုင်သည့် အကြမ်းဖက်သမားများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လမ်းပန်းဆက်သွယ်မှုများ မပြတ်တောက်စေရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများနှင့် အများပြည်သူအကျိုးစီးပွားကိုရှေးရှု၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှုများနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်မှုများကို တားဆီးနှိမ်နင်းလျက်ရှိသည်။ အကြမ်းဖက်အဖျက်သမားများက အများပြည်သူအကျိုးစီးပွားများကိုဖျက်ဆီးပြီး အချို့နေရာဒေသများရှိ လုံခြုံရေးစခန်းများကို အလစ်အငိုက် တိုက်ခိုက်လျက်ရှိသည်။ တပ်မတော်အနေဖြင့် နိုင်ငံတော်လုံခြုံရေးအတွက် အရှိန်အဟုန်မြှင့်တင် ချေမှုန်းရှင်းလင်းသွားမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင်နေ၊ မြန်မာနိုင်ငံမှ ထွက်ရှိသည်တို့ကို အသင့်စားသုံးနေသော အရိပ်နေနေ အခက်ချိုးချိုးပြုလုပ်နေကြသည့် မြန်မာနိုင်ငံအတွင်းမှ အဖျက်သမားများကို ပြည်သူလူထုတစ်ရပ်လုံးက တပ်မတော်နှင့်အတူလက်တွဲ၍ တိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။