နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပညာတတ်များစွာလိုအပ်သည်။ ပညာတတ်များပေါများသည့်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံဖြစ်နေပြီး ပညာတတ် နည်းပါးသည့်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျနေသည်ကို တွေ့နိုင်သည်။ ထို့ကြောင့် နိုင်ငံများ၌ ပညာတတ်များပေါများရန်အတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်နေကြသည်။ အလားတူ ပညာတတ်များပေါများလာရေးအပြင် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် စာပေဖတ်ရှုသည့် အလေ့အထများကို စဉ်ဆက်မပြတ် ပြုလုပ်နေကြသည်။
မြန်မာနိုင်ငံတွင် ပညာရေးကို စဉ်ဆက်မပြတ် အားပေးမြှင့်တင်ပေးနေသော်လည်း ပညာတတ်များတိုးပွားမှုတွင် လိုအပ်ချက်များရှိနေသေးသည်။ ထို့အပြင် စာပေဖတ်ရှုသည့် အလေ့အထတွင် စိတ်ဝင်စားမှုနည်းပါးနေသေးသောကြောင့် မှန်ကန်သည့်အသိပညာနှင့် တိုးတက်သည့်ဗဟုသုတများဘက်၌ အားနည်းလျက်ရှိနေသေးသည်။ ထိုသို့အားနည်းမှုအမျိုးမျိုးရှိနေသည့်ကြားမှ ပညာရေးဘက်တွင် အနှောင့်အယှက်အမျိုးမျိုးရှိနေသောကြောင့် နိုင်ငံသားများ ပညာတတ်မြောက်ရေး၊ အသိပညာဗဟုသုတတိုးပွားရေးတွင် လက်လှမ်းမမီသေးသည့် အခြေအနေများရှိနေသည်။ ပညာနှင့်အလှမ်းဝေးနေသည်ဟု ဆိုနိုင်သည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းများ စတင်ဖွင့်လှစ်သည့် ပထမရက်သတ္တပတ်အတွင်း နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူ ခုနစ်သန်းနီးပါး ကျောင်းတက်ပညာသင်ကြားနေသည်ဟု သိရသည်။ အဆိုပါအရေအတွက်သည် မြန်မာနိုင်ငံ၏ လူဦးရေအသက်အပိုင်းအခြားအရ ကျောင်းတက်ရာခိုင်နှုန်းပြည့်မီရန် လိုအပ်ချက်များရှိနေသေးသည်။ အရွယ်ရောက်သူတိုင်း ပညာသင်ကြားနိုင်ရေးအတွက် အခွင့်အလမ်းများဖွင့်ပေးထားသော်လည်း အခက်အခဲအမျိုးမျိုးကြောင့် ပညာမသင်နိုင်သူများရှိနေသည်။ ယင်းတို့တွင် နယ်မြေဒေသမတည်ငြိမ်မအေးချမ်းမှု၊ ပညာသင်ကြားရေးကို နှောင့်ယှက်မှု၊ ပဋိပက္ခများကြောင့် ပညာမသင်ကြားနိုင်သည့် အခြေအနေများသည် စိတ်မကောင်းဖွယ်ဖြစ်သည်။
ပြီးခဲ့သည့်စာသင်နှစ်နှင့် ယခုစာသင်နှစ်ကာလအတွင်း ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့ရှိ အချို့သောစာသင်ကျောင်းများမှာ ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။ အကြောင်းမှာ လက်နက်ကိုင်ပဋိပက္ခများကြောင့် ကလေးသူငယ်၊ လူငယ်လူရွယ်များ ပညာသင်ကြားမှုအခွင့်အရေး ဆုံးရှုံးနေရခြင်းများနှင့် ကြုံတွေ့နေရသည်။ တစ်ဖက်တွင် ဘယ်သူမပြု မိမိမှုဆိုသကဲ့သို့ ပညာမသင်ကြားနိုင်သည့်အခြေအနေကို ကိုယ်တိုင်သုံးသပ်ကြည့်နိုင်သည်။ မိမိကိုယ်ကို ပညာမတတ်အောင် ပြုလုပ်ခြင်းသည် မိမိကိုယ်မိမိ ဖျက်ဆီးခြင်းသာဖြစ်သလို နိုင်ငံကို ဖျက်ဆီးလိုက်ခြင်းဟုဆိုနိုင်သည်။ မကြာသေးမီရက်ပိုင်းက ကျောင်းပတ်ဝန်းကျင်တစ်ခု၌ တိုက်ခိုက်ဖျက်ဆီးမှုသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်။ အောက်တန်းကျသောလုပ်ရပ်ဟု ဆိုနိုင်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်ယူသည့်ကာလတွင် အကြမ်းဖက်အဖျက်သမားများက ဆရာ ဆရာမများအပါအဝင် ပညာရေးဝန်ထမ်းများကို အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် နိုင်ငံရေးပယောဂများကြောင့် ဆရာ/ဆရာမများအပါအဝင် ပညာရေးဝန်ထမ်းများ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသဖြင့် ပညာရေးအဟောသိကံဖြစ်မှုများ၊ အနှောင့်အယှက်ဖြစ်မှုများ ကြုံတွေ့ခဲ့ရသည်။ ပညာရေးသည် အခုရေတွင်းတူး၊ အခုရေကြည်သောက်နိုင်သော အလုပ်မဟုတ်ပေ။ ပညာရေးအတွက် အချိန်များစွာ ရင်းနှီးမြှုပ်နှံရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးဝန်ထမ်းများ ပြည့်မီစွာခန့်အပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အချိန်ကာလတစ်ခုအထိ ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံသူနိုင်ငံသားများ ပညာတတ်မြောက်ရေးကို အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ပညာရေးစနစ်ကို အကောင်အထည်ဖော်ပေးလျက်ရှိသည်။ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး၊ အနိမ့်ဆုံးအဆင့် KG+9 ပြီးမြောက်အောင်မြင်စေရေးတို့ကို အလေးထားဆောင်ရွက်နေပြီး အနိမ့်ဆုံး KG တန်းမှစ၍ KG+12 အထိ မည်သည့်အခကြေးငွေမှ ပေးစရာမလိုဘဲ ကျောင်းသုံးစာရေးကိရိယာများပါ အခမဲ့ပေးအပ်ထားသည်။ မဖွင့်ရသေးသည့် ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်ပြီးကျောင်းများအားလုံး အေးချမ်းစွာပညာသင်ကြားရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ သင်ကြားရေးတာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏ လုံခြုံရေးဆောင်ရွက်ပေးပြီး လိုအပ်သည့်ချီးမြှင့်မှုများကို ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးအချက်ဖြစ်ရာ ပြည်သူများအားလုံး စာတတ်မြောက်ရေး၊ စာဖတ်နိုင်ရေးနှင့် အတန်းပညာများ မြင့်မားလာရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြကာ ပညာတတ်များ စွမ်းပကားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။